အမေရိကရဲ့ အပူချိန်ကို အံတုရန် နည်းပညာမြင့် ဝတ်စုံ ဝတ်ပြီး လေ့ကျင့်နေတဲ့ ယူနိုက်တက် ကစားသမားများ
မန်ချက်စတာ ယူနိုက်တက် ကစားသမားများဟာ အမေရိကန်ရာသီကြိုခရီးစဉ်အတွင်းတွင် အပူချိန်ကို နည်းပညာမြင့်ဂျက်ကက်ဝတ်ဆင်ကာ အံတုလေ့ကျင့်နေကြပါတယ်။
ရူဘင်အေမိုရမ်ရဲ့ ယူနိုက်တက်ဟာ အမေရိကန်ခရီးစဉ်တွင် ချီကာဂိုဘီးယားရဲ့ အိမ်ကွင်း Soldier Field ကို အသုံးပြုကာ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ် ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်မြောက်ပိုင်းတွင် ယခုအပတ်အစောပိုင်းတုန်းက 42C အထိ အပူချိန်မြင့်တက်ခဲ့ပေမဲ့လည်း ယနေ့တွင် အပူချိန်အနည်းငယ် လျော့ကျသွားခဲ့ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ကစားသမားများဟာ ငွေရောင်ကွပ်ထားတဲ့ ဂျက်ကက်အင်္ကျီကို အသုံးပြုကာ လေ့ကျင့်ခန်းဆင်းနေကြပါတယ်။
ယူနိုက်တက်ရဲ့ကြံ့ခိုင်မှုပိုင်းစွမ်းဆောင်ရည်အကြီးအကဲအက်လန်က ကစားသမားများအား ယင်းဝတ်စုံသစ်ရဲ့ စွမ်းဆောင်ရည်မြှင့်ပေးနိုင်မှုကို ရှင်းလင်းပြောပြပြီးနောက် ဝတ်ဆင်လေ့ကျင့်စေခဲ့တာလည်း ဖြစ်ပါတယ်။
အစောပိုင်းတုန်းက ယူနိုက်တက်ကစားသမားများဟာ ယင်းဝတ်စုံအပေါ် ရယ်မောနေခဲ့ကြသလို အကျိုးမရှိနိုင်လို့ ယူဆခဲ့ကြပေမဲ့လည်း အက်လန်က ယင်းဝတ်စုံက အပူချိန်ကို ခုခံကာကွယ်ပေးနိုင်ကြောင်း ရှင်းလင်းပြောကြားလာချိန်မှာတော့ လိုလိုလားလားပင် ဝတ်ဆင်ခဲ့ကြပါတယ်။
ယူနိုက်တက်ကစားသမားများဟာ မနက်ဖြန် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် နယူးဂျာစီရှိ MetLife Stadium မှာ ဝက်စ်ဟမ်းနှင့် ကစားမဲ့ ရာသီကြိုခြေစမ်းပွဲမတိုင်မီ သွေးပူလေကျင့်ခန်းဆင်းချိန်မှာ ယင်းဝတ်စုံကို အသုံးပြုလာမဲ့အပြင် အရန်ကစားသမားများဟာလည်း ပထမပိုင်းအပြီး လေ့ကျင့်ခန်းဆင်းချိန်တွင် အသုံးပြုလာကြပါဦးမယ်။
ယင်းဝတ်စုံကို Adidas က ဖန်တီးထားတာ ဖြစ်ပြီး အပူချိန်အောက်တွင် ကစားသမားများအတွက် စွမ်းဆောင်ရည်ပိုင်း ထိခိုက်မှုမရှိဘဲ လေ့ကျင့်နိုင်အောင် နည်းပညာအသုံးပြုဖန်တီးထားတာ ဖြစ်ပါတယ်။
ယင်းဝတ်စုံကို ဖော်မြူလာဝမ်းကားမောင်းသမားများနှင့် စက်ဘီးသမားများ အသုံးပြုနေကြပြီးလည်း ဖြစ်ပါတယ်။