ခေါ်ယူမယ့် ကလပ် မရှိရင် မန်ယူ ကစားသမား ၄ ဦးကို အသင်းမှာ အခွင့်အရေးပေးမယ့် နည်းပြ အမော်ရင်
မန်ချက်စတာယူနိုက်တက်နည်းပြအမော်ရင်ဟာ ‘Bomb Squad’ လို့ သတ်မှတ်ခံထားရတဲ့ ကစားသမားတွေကို အခုနွေရာသီအတွင်း သင့်တော်တဲ့ဈေးနဲ့ကမ်းလှမ်းလာမှု မရှိဘူးဆိုရင် အသင်းမှာ ပြန်လည်အသုံးပြုသွားဖို့ အဆင်သင့်ရှိနေပါတယ်။
အမော်ရင်ရဲ့ ‘Bomb Squad’ ကစားသမား ၅ ဦးကတော့ ရပ်ရှ်ဖို့ဒ်၊ ဂါနာချို၊ ဆန်ချို၊ အန်တိုနီ၊ မာလာစီယာတို့ဖြစ်ပြီး အခုလောလောဆယ် အဲဒီ ၅ ဦးထဲက ရပ်ရှ်ဖို့ဒ်တစ်ဦးသာ ဘာစီလိုနာကို အငှားနဲ့ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက် ဂါနာချို၊ ဆန်ချို၊ အန်တိုနီ၊ မာလာစီယာတို့ကို ရောင်းထုတ်သွားဖို့ ဆန္ဒပြင်းပြနေပေမဲ့ အဲဒီကစားသမားတွေကို တရားဝင်ကမ်းလှမ်းမဲ့ အသင်း မရှိသလို ယူနိုက်တက်ကလည်း သင့်တော်တဲ့ဈေးရမှသာ ရောင်းချသွားမှာဖြစ်ပါတယ်။
အမော်ရင်ဟာ ဒီကစားသမား ၄ ဦးကို ရာသီကြိုခြေစမ်းပွဲအတွက် လူစာရင်းမှာ ချန်လှပ်ခဲ့ပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့် မပေးဘဲ သီးသန့်သာ လေ့ကျင့်ခိုင်းခဲ့ပါတယ်။
တကယ်လို့ နွေရာသီအပြောင်းအရွှေ့ကာလ ပြီးဆုံးချိန်အထိ ဒီကစားသမားတွေကို ရောင်းမထွက်ဘူးဆိုရင် အမော်ရင်ဟာ လာမဲ့ရာသီမှာ သူတို့ကို အသုံးပြုသွားမှာဖြစ်ပါတယ်။
အမော်ရင်က “ကျွန်တော်တို့တွေဟာ ဒီကစားသမားတွေကို အနာဂတ်နဲ့ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်ဖို့ အချိန်ပေးထားပါတယ်။ တကယ်လို့ သူတို့သာ အသင်းမှာ ဆက်ကစားမယ်ဆိုရင်လည်း ပြဿနာမရှိဘဲ အားလုံးက ယူနိုက်တက်ကစားသမားတွေဖြစ်နေဆဲပါပဲ။
ကျွန်တော့်အနေနဲ့လည်း သူတို့ကို ကြိုဆိုသွားဖို့ အသင့်ရှိပါတယ်။ တကယ်လို့ ဒီကစားသမားတွေဟာ အသင်းမှာ ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်သွားမယ်ဆိုရင် ကျွန်တော် ပိုတောင် ကြိုက်ပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။