အာဆင်နယ်နဲ့ EPL ပွဲဦးထွက် အတွက် လျှို့ဝှက် ပလန် လုပ်နေတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အာဆင်နယ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင် ကစားသမား ၂ ဦးအဆင်သင့်ဖြစ်နေအောင် ဒီအပတ်ထဲမှာ တံခါးပိတ်ခြေစမ်းပွဲကစားသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အမိုရင်ရဲ့အသင်းဟာ လာမယ့်အပတ်မှာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ရာသီသစ် အဖွင့်ပွဲအဖြစ် အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး သရဲနီတွေရဲ့ရာသီကြိုခြေစမ်းပွဲထဲမှာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လိဒ်စ်၊ ဘုန်းမောက်၊ အဲဗာတန်၊ ဝက်စ်ဟမ်းတို့လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဖီအိုရင်တီးနားနဲ့ပွဲအပြီးမှာ ရူဘင် အမိုရင်က အာဆင်နယ်နဲ့ ကစားရမယ့် လာမယ့်တနင်္ဂနွေနေ့ပွဲအတွက် ဘယ်လို ပွဲထွက်လူစာရင်းကို ရွေးချယ်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ စိတ်ကူးရှိတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမိုရင်က ကစားသမားတွေအားလုံးကို သူ့စိတ်ကူးပြောင်းအောင် ဒီအပတ် လေ့ကျင့်ရေးမှာ တိုက်ပွဲဝင်ကြဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီကစားသမားတွေထဲက အများစုဟာ မန်ချက်စတာယူနိုက်တက်အသင်းက ကျင်းပဖို့ စီစဉ်နေတဲ့ တံခါးပိတ် ခြေစမ်းပွဲမှာ သူတို့ရဲ့ အစွမ်းကို ပြသဖို့ နောက်ဆုံးအကြိမ် အခွင့်အရေးပေးခံရဖွယ်ရှိနေတာဖြစ်ပါတယ်။

The Times ရဲ့ သတင်းအရ မန်ချက်စတာယူနိုက်တက်ဟာ ဘန်ဂျမင် ဆက်စ်ကိုနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ အန်ဒရီ အိုနာနာတို့ကို တကယ့်လေ့ကျင့်ရေးစစ်စစ် ဖြစ်စေဖို့ ဒေသတွင်းပြိုင်ဘက်အသင်းတသင်းနဲ့ ကာရင်တန်မှာ ခြေစမ်းပွဲ ကစားခိုင်းသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဆက်စ်ကိုဟာ လိုက်ပ်ဇစ်ကနေ ပေါင် ၇၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဖီအိုရင်တီးနားနဲ့ပွဲမတိုင်ခင် ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဆလိုဗေးနီးယားတိုက်စစ်မှူးဟာ အသင်းဖော်သစ်တွေနဲ့ လေ့ကျင့်ရေးအစီအစဉ် တချိန်မှ မဆင်းရသေးတာကြောင့် အာဆင်နယ်နဲ့ပွဲမှာ ပွဲထွက်ခွင့်ရပါ့မလားဆိုတာကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။