လေးဦးမြောက် ခေါ်ယူမှု အဖြစ် ဘရိုက်တန် ကွင်းလယ်ကို ချဉ်းကပ် ကမ်းလှမ်းမယ့် ယူနိုက်တက်

ဘောလုံးရာသီသစ် စတင်တော့မှာ ဖြစ်ပေမယ့် ယူနိုက်တက်ရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေက မပြီးဆုံးသေးပါဘူး။

ပြီးခဲ့တဲ့ရာသီ က ဘရိုက်တန် နဲ့ အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်သမား ကားလို့စ် ဘလီဘာကို ခေါ်ယူဖို့ ယူနိုက်တက်က ဆက်လက် လုပ်ဆောင်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်မှာ ဘရိုက်တန်ကို ချဉ်းကပ်ခဲ့ပြီး ကင်မရွန်းကွင်းလယ်ကစားသမားကို ဒီနွေရာသီ ၄ ယောက်မြောက် ကစားသမားခေါ်ယူမှုအဖြစ် လုပ်ဆောင်သွားဖို့ ဆွေးနွေးနေတာဖြစ်ပါတယ်။

ဘရိုက်တန်က ဘလီဘာနဲ့ အလျင်စလို လမ်းခွဲစရာ အကြောင်းမရှိပေမယ့်လည်း ကနဦး ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ နဲ့ ထပ်ဆောင်းပေးချေမှု ပေါင် ၁၀ သန်း ကမ်းလှမ်းမှုနဲ့ဆိုရင်တော့ လူငယ်ကြယ်ပွင့်ကို ထွက်ခွာခွင့်ပြုသွားမှာဖြစ်ပါတယ်။

ဘလီဘာကလည်း အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ချင်နေပြီး မန်ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်အောင် ပြောင်းရွှေ့ကြေးကို လျှော့ပေးဖို့ ဘရိုက်တန်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်နာရီပိုင်းအတွင်း ဘရိုက်တန်နဲ့ ပြောဆိုဆွေးနွေးမှုအသစ်ပြုလုပ်သွားမှာဖြစ်ပြီး ဘလီဘာအတွက် ကမ်းလှမ်းမှု ပြုလုပ်သွားတော့မယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။

ဘရိုက်တန်အသင်းက ဒီနွေရာသီမှာ ကားလို့စ် ဘလီဘာထွက်ခွာသွားရင် အစားထိုးခေါ်ယူမှု ပြုလုပ်နိုင်ခြေရှိတဲ့ကစားသမားအတွက်လည်း သတိထားလုပ်ဆောင်နေပြီဖြစ်ပါတယ်။