အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို အာဆင်နယ် အနိုင်ရနိုင်သလား ခန့်မှန်းသုံးသပ်လိုက်တဲ့ ဖာဒီနန်
မန်ချက်စတာ ယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က လာမယ့် တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်မှာ ကစားမယ့် မန်ယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ပွဲအတွက် သူ့ရဲ့ထင်မြင်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရူဘင် အမိုရင်ရဲ့ အသင်းဟာ ဒီနွေရာသီမှာ ကစားသမားသစ် ၄ ဦးအထိ ခေါ်ယူအားဖြည့်ထားခဲ့ပြီး ရာသီကြိုခြေစမ်းပွဲတွေမှာ စိတ်ကျေနပ်လောက်စရာ စွမ်းဆောင်ရည်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ကလည်း ကစားသမားသစ် ၆ ဦးအထိ ခေါ်ယူထားပြီး ပြီးခဲ့တဲ့ရာသီမှာ အားနည်းချက်ဖြစ်ခဲ့တဲ့ အထောင်တိုက်စစ်နေရာကိုလည်း အင်အားဖြည့်တင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ တွေ့ဆုံမှုတွေအရရော လက်ရှိအနေအထားအရပါ အာဆင်နယ်အသင်းက ရာသီအဖွင့်ပွဲမှာ အဝေးကွင်းနိုင်ပွဲ ရယူသွားနိုင်လိမ့်မယ်လို့ ထင်ကြေးပေးသူတွေများနေပေမယ့်လည်း ဖာဒီနန်ကတော့ ဂန်းနားတွေ အနိုင်မရနိုင်ဘူးလို့ ယုံကြည်နေတာပါ။
“ကျွန်တော်ကတော့ သရေပဲမှန်းမယ်။ တဖက်နဲ့တဖက် ဂိုး အပြန်အလှန်သွင်းကြပြီး သရေကျသွားလိမ့်မယ်။ ၁-၁ နဲ့ ပွဲပြီးဆုံးပါလိမ့်မယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။