ယူနိုက်တက်ရဲ့ ကာရာဘောင်း၊ လိဂ်ဖလားပြိုင်ပွဲရဲ့ ဒုတိယအဆင့် ပြိုင်ဘက် ထွက်ပေါ်လာပါပြီ

၂၀၂၅-၂၆ ရာသီ ကာရာဘောင်း၊ လိဂ်ဖလားပြိုင်ပွဲရဲ့ ဒုတိယအဆင့်ပွဲစဉ်ဇယားထွက်ပေါ်လာပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ League Two ကလပ် ဂရင်းစ်ဘီတောင်းနဲ့ အဝေးကွင်းမှာ ဆုံတွေ့ရမှာဖြစ်လို့ ပွဲချောင်နေပါတယ်။

လိဂ်ဖလား ဒုတိယအဆင့်မှာ လာမဲ့ရာသီ ဥရောပပြိုင်ပွဲကစားခွင့်မရတဲ့ ပရီးမီးယားလိဂ်ကလပ် ၁၁ သင်း စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီထဲမှာ ယူနိုက်တက်လည်း ပါဝင်နေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ပြိုင်ပွဲတစ်လျှောက် အဆိုးရွားဆုံးအဖြစ် အဆင့် ၁၅ နေရာသာ ရပ်တည်နိုင်ခဲ့သလို ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း စပါးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၁၄-၁၅ ရာသီနောက်ပိုင်း ပထမဆုံးအဖြစ် ဥရောပပြိုင်ပွဲတစ်ခုမှ ကစားခွင့် မရခဲ့ပါဘူး။

အာဆင်နယ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီး၊ နယူးကာဆယ်နဲ့ စပါးအသင်းတို့ဟာ ချန်ပီယံလိဂ်ကစားရမှာဖြစ်ပြီး အက်စတွန်ဗီလာ၊ နော်တင်ဟမ်ဖော်ရက်စ်၊ ခရစ္စတယ်ပဲလေ့စ်အသင်းတို့က ယူရိုပါလိဂ်နဲ့ Conference League ပြိုင်ပွဲတွေမှာ ပါဝင်ဆင်နွှဲရမှာဖြစ်ပါတယ်။

အဲဒါကြောင့် အဲဒီ ၉ သင်းဟာ လိဂ်ဖလားပြိုင်ပွဲမှာ တတိယအဆင့်ရောက်မှ စတင်ကစားရမှာလည်းဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒုတိယအဆင့်မှာ ဂရင်းစ်ဘီတောင်းလို သာမန်အဆင့်နဲ့သာ ဆုံတွေ့နေတာကြောင့် နောက်တစ်ဆင့်တက်ဖို့ ရာနှုန်းများပေမဲ့ နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်လက်ထက်တုန်းက Leauge One ကလပ် MK Dons အသင်းကို ၄-၀ ပြတ်နဲ့အရှက်တကွဲရှုံးပြီး ဒုတိယအဆင့်ကနေ ထွက်ခဲ့ရဖူးပါတယ်။

ယူနိုက်တက်နဲ့ဂရင်းစ်ဘီတောင်းတို့ဟာ စုစုပေါင်း ၃၇ ကြိမ် ဆုံတွေ့ခဲ့ဖူးပြီး ယူနိုက်တက်က ၁၆ ပွဲနိုင်၊ ဂရင်းစ်ဘီတောင်းက ၁၅ ပွဲနိုင်ခဲ့တာကြောင့် Head To Head ရလဒ်က သိပ်တော့ မပြတ်သားခဲ့ပါဘူး။

ဂရင်းစ်ဘီတောင်းနဲ့ ယူနိုက်တက် နောက်ဆုံးအကြိမ်ဆုံတွေ့ခဲ့တာက ၁၉၄၈ မှာဖြစ်သလို ၁-၁ ဂိုးစီ သရေကျခဲ့ပြီး အခု ၇၇ နှစ်ကြာမှ ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။