မန်ချက်စတာ ယူနိုက်တက်က မနှစ်ကနဲ့ မတူနိုင်တော့ဘူးလို့ သုံးသပ်ခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေး အာတီတာက သရဲနီတွေအနေနဲ့ စိတ်ပျက်စရာကောင်းတဲ့ ၂၀၂၄-၂၀၂၅ ရာသီကို ချန်ထားရစ်ပြီး ဒီရာသီမှာ ပိုကောင်းမွန်လာလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

အမိုရင်ဟာ မန်ချက်စတာယူနိက်တက်ကို ပထမဆုံးရာသီအပြည့်ကိုင်တွယ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ တန်ဟက်နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရပြီးနောက် မျှော်လင့်ထားသလောက် မလုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အဆင့် ၁၅ နေရာနဲ့ ရာသီပြီးဆုံးခဲ့ရပြီး ဥရောပဝင်ခွင့်လည်း လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

မန်ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ ပြီးခဲ့တဲ့ ၃ ရာသီဆက်တိုက် ဒုတိယနေရာနဲ့ အဆုံးသတ်ခဲ့ရတဲ့ အာဆင်နယ်ကို အိုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

ဒါကြောင့် သောကြာနေ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ အာတီတာက မန်ယူနိုက်တက်အနေနဲ့ ဒီရာသီမှာ ပိုကောင်းမွန်လာလိမ့်မယ်လို့ ထင်လားလို့ မေးမြန်းခံခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော် မသိပါဘူး။ သူတို့တွေက မနှစ်ကနဲ့ မတူတော့ မတူနိုင်တော့ပါဘူး။ နည်းပြကလည်း သူတို့နဲ့ ရှိနေခဲ့တာ အချိန်ပိုပြီး ကြာသွားပါပြီ။ သူတို့တွေ ရာသီကြိုကစားခဲ့ပြီး ကျန်တဲ့လူတွေအတိုင်းပဲ အရမ်းကောင်းတဲ့ခေါ်ယူမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

သူတို့တွေ ပိုပြီး အင်အားတောင့်တင်းလာပြီး ကျန်တဲ့အသင်းတွေအားလုံးအတိုင်းပဲ မနှစ်ကထက် ပိုကောင်းလာတယ်လို့ ထင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။