ဘဝကို သုညကနေ စရတော့မယ် ဘာစီလိုနာ၊ ယူရိုပါလိဂ်မှာ ဝက်စ်ဟမ်းနဲ့ တွေ့ဖို့တောင် ရှိနေပါပြီ

ဘာစီလိုနာ အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းကို (၃)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်းကစားရတော့မှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘာစီလိုနာ အသင်းဟာ (၂၀၀၃-၀၄) နောက်ပိုင်း (၁၇)နှစ်အကြာမှ ပထမဆုံးအကြိမ် ယူရိုပါလိဂ်ပြိုင်ပွဲကို ကစားရတော့မှာဖြစ်ပါတယ်။ပွဲမတိုင်ခင်က ဘိုင်ယန်မြူးနစ် ကို အနိုင်ကစားမယ်လို့ ပြောထားတဲ့ နည်းပြ ဇာဗီ အတွက်လည်း စိတ်ပျက်စရာဖြစ်ခဲ့တာပါ။

ဘာစီလိုနာ အသင်းဟာ ဒီပွဲကို အနိုင်ရမှ နောက်တဆင့်တက်မှာ ဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ် အရေးနိမ့်သွားခဲ့တာပါ။ ဘိုင်ယန် အတွက် ဂိုးတွေကို မူလာ၊ဆာနေးနဲ့ မူဆလီယာ တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ရာသီမစတင်ခင်က မက်ဆီကို စာချုပ်သစ်မချုပ်နိုင်လို့ လက်လွှတ်ခဲ့ရတဲ့ ဘာစီလိုနာ အသင်းဟာ ဘဏ္ဍာရေး အခက်အခဲတွေ၊ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်ခဲ့ရပြီး နည်းပြအပြောင်းအလဲ ပါပြုလုပ်ခဲ့ရပြီး ဇာဗီ ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယူရိုပါလိဂ် ဆင်းကန်ရတဲ့ အထိ ရောက်သွားခဲ့ကာ ဘာစီလိုနာဟာ ခေတ်သစ် တစ်ခုကို ရောက်ရှိသွားပြီ ဖြစ်ပြီး ဘဝကို သုညကနေ ပြန်စရတော့မယ်လို့ နည်းပြ ဇာဗီက ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ်။

ဇာ‌ဗီ က “ကျွန်တော် တေ်ာတော် ဒေါသထွက်မိပါတယ်။ ဒါဟာ အမှန်တရားဖြစ်ပြီး ဒါကို ရင်ဆိုင်ပြီးဖြေရှင်းရမှာပါ။ အဲဒါကလွဲပြီး ဘာမှလုပ်စရာမရှိပါဘူး။ ဒီနေ့ ဘာစီလိုနာအတွက် ခေတ်သစ်ကို စတင်ပါပြီ။ ကျွန်တော်တို့ ဘဝကို သုညကနေ ပြန် စတင်ရပါတော့မယ်”လို့ ပြောခဲ့ပါတယ်။

ယူရိုပါလိဂ် ဆင်းကန်ရတဲ့ အပြင် ပိုပြီးဆိုးတာက ဘာစီလိုနာဟာ ယူရိုပါလိဂ် ရှုံးထွက်အဆင့်မှာ ပရီးမီးယားလိဂ် ကလပ် တစ်သင်း ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရဖို့ရှိနေတာပါ။

ဒေးဗစ်မိုယက်စ်ရဲ့ ဝက်စ်ဟမ်းအသင်းဟာ ပြည်တွင်းမှာ ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် အသင်းကြီးတွေဆီကပါ အမှတ်တွေ ယူနေတဲ့ အသင်း ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ လာလီဂါပြိုင်ပွဲမှာလည်း ရလဒ်တွေဆိုးနေတာဖြစ်ပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ ရီးရယ်လ် အသင်းနဲ့ (၁၆)မှတ်အကွာ အဆင့်(၇)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အိုဆာဆူနာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။