နည်းပြ အမော်ရင်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ယူနိုက်တက်ပရိသ-တ်တွေ တောင်းဆိုနေကြပါပြီ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ လူငယ်ကြယ်ပွင့် ကွင်းလယ်လူ ကိုဘီမင်နူးကို စတုတ္ထဦးစားပေးအဖြစ် သတ်မှတ်ခဲ့တဲ့အတွက် နည်းပြအမော်ရင်ကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုနေကြပါတယ်။

ယူနိုက်တက်အသင်းဟာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ ၁-၁ ဂိုးစီ သရေကျခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ၂ ပွဲကစားအပြီးမှာ နိုင်ပွဲမရသေးဘဲ ၁ မှတ်နဲ့ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။

အခုပွဲမတိုင်ခင် ယူနိုက်တက်အသင်းဟာ ခရာဗန်ကော့တေ့ချ်မှာ ၈ ပွဲဆက်တိုက် အနိုင်ရခဲ့ပေမဲ့ အဲဒီမှတ်တမ်းကောင်းကို ဆက် မထိန်းနိုင်ခဲ့ပါဘူး။

ဖူလ်ဟမ်နဲ့ပွဲမှာ အမော်ရင်က ကတ်စ်မဲရိုးနဲ့ဘရူနိုဖာနန်ဒက်စ်တို့ကို ပွဲထွက်အသုံးပြုခဲ့ပြီး ဖူလ်ဟမ် ကွင်းလယ်ရုန်းအားကို မယှဉ်နိုင်တာကြောင့် ဒုတိယပိုင်းမှာ ကတ်စ်မဲရိုးအစား အူဂါတေကို လူစားထိုးခဲ့ပါတယ်။

ယူနိုက်တက်အသင်း အရန်စာရင်းမှာ ကိုဘီမင်နူး ရှိနေပေမဲ့ အမော်ရင်ကတော့ ကိုဘီမင်နူးကို မသုံးခဲ့သလို အာဆင်နယ်နဲ့ပွဲတုန်းကလည်း ကိုဘီမင်နူးကို အရန်ခုံ ထိုင်ခိုင်းခဲ့ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်ပရိသတ်တွေဟာ အမော်ရင်ရဲ့ လူထုတ်ပုံအပေါ် မကျေမနပ်ဖြစ်နေကြသလို တချို့ကလည်း အခုနွေရာသီအတွင်း တိုက်စစ်အတွက် ပေါင်သန်း ၂၀၀ အထိ အသုံးပြု ပြင်ဆင်ခဲ့ပေမဲ့ အဖွင့် ၂ ပွဲကစားပြီးချိန်အထိ ယူနိုက်တက်ကစားသမား ၁ ယောက်မှ ဂိုးမသွင်းနိုင်တာကြောင့် ဒေါသပေါက်ကွဲနေပါတယ်။

အွန်လိုင်းမှာ ပရိသတ်တွေက ‘ကိုဘီမင်နူးဟာ ယူနိုက်တက်အသင်းမှာ စတုတ္ထဦးစားပေး ကွင်းလယ်လူအဖြစ် သတ်မှတ်ခံထားရတာက မယုံနိုင်လောက်အောင်ပါပဲ . .’၊

‘အမော်ရင်ကိုသာ ထုတ်လိုက်ပါတော့ . . သူက သူ့အရည်အချင်းကို ပြသဖို့အတွက် ၁ နှစ်အထိ အချိန်ရခဲ့ပေမဲ့ အခုအထိ ဘာမှတိုးတက်မှု မရှိသေးသလို ရေရာသေချာတဲ့ စီမံကိန်းလည်း မရှိပါဘူး။ အမော်ရင်ကို ဆက်ထားလို့လည်း ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး’၊

‘အမော်ရင်ဟာ ၄-၃-၃ ကစားကွက်ကို မသုံးတတ်သလို ကိုဘီမင်နူးကို အရန်ခုံပို့တာနဲ့တင် သူ့ကို ထုတ်ပစ်ဖို့ အကြောင်းရင်း လုံလောက်နေပါပြီ’လို့ ဝေဖန်ရေးသားခဲ့ပါတယ်။