ဘန်လေကို နိုင်ခဲ့ပေမယ့် ယူနိုက်တက် အတွက် ထိုးနှက်ချက် ဖြစ်သွားတဲ့ ကစားသမား ၂ဦးရဲ့ ဒဏ်ရာ

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမားသစ် ကူညာနဲ့ မေဆင်မောင့်တို့ဟာ ဘန်လေနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် နည်းပြအမော်ရင်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါပြီ။

အခု နွေရာသီအပြောင်းအရွှေ့အတွင်း ယူနိုက်တက်ကို ပေါင် ၆၂.၅ သန်းနဲ့ရောက်ရှိခဲ့သူ ကူညာဟာ ဘန်လေနဲ့ပွဲ၊ ပထမပိုင်းမိနစ် ၃၀ ကျော်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် ပွဲဆက်လက် မကစားနိုင်တော့တဲ့အတွက် အမော်ရင်က ကူညာကို ဇာ့ခ်ဇီနဲ့လူစားလဲခဲ့ပါတယ်။

ကူညာဟာ တံကောက်ကြောဒဏ်ရာရသွားပုံရပြီး အဝတ်လဲခန်းထဲကို တစ်ခါတည်း တန်းဝင်သွားတာကိုလည်းတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒီရာသီ ယူနိုက်တက်တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ မေဆင်မောင့်ကလည်း ဒဏ်ရာရရှိသွားတာကြောင့် ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပါတယ်။

ပွဲအပြီးမှာ အမော်ရင်က “ကူညာနဲ့မေဆင်မောင့်တို့ကို ဆုံးရှုံးလိုက်ရတာက တကယ်ခက်ခဲပါတယ်။ မေဆင်မောင့်ဟာ ဒဏ်ရာရှိလျက်နဲ့ မိနစ် ၃၀ လောက်အထိ ကစားခဲ့ရတာဖြစ်ပါတယ် . .”

“သူတို့နှစ်ယောက် ဒဏ်ရာရသွားတဲ့အပေါ် ကျွန်တော် စိုးရိမ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားတွေဖြစ်နေလို့ပါပဲ . .”

“အခုလောလောဆယ်တော့ သူတို့နှစ်ယောက်ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ဘာမှ အတိအကျ မသိရသေးဘဲ စစ်ဆေးမှုတွေပြုလုပ်သွားမှာပါ။ ကျွန်တော်တို့အသင်းဟာ ပုံစံကောင်းပြသနိုင်ဖို့အတွက် ဒီကစားသမားတွေကို လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမဲ့နိုင်ငံတကာပွဲတွေအပြီး စက်တင်ဘာ ၁၄ ရက်ကျရင် ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် အစ်တီဟတ်မှာ မန်စီးတီးနဲ့မန်ချက်စတာဒါဘီပွဲ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲကို ကူညာနဲ့ မေဆင်မောင်တို့ လွဲချော်ဖို့ရှိနေပါပြီ။

ယူနိုက်တက်အသင်းဟာ အဓိကတိုက်စစ်ကစားသမား ၂ ဦးကို လူစားလဲခဲ့ရပေမဲ့ ဘန်လေနဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ နောက်ကျပယ်နယ်တီဂိုးကြောင့် ၃-၂ ဂိုးနဲ့အနိုင်ယူပြီး ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲရရှိခဲ့ပါတယ်။