ချန်ပီယံလိဂ်မှာ ပါဝင်ဖို့ ဘာစီလိုနာက မလုံလောက်ဘူးလို့ မှတ်ချက်ပေးသွားတဲ့ မူလာ

ဘိုင်ယန်မြူးနစ် တိုက်စစ်သမား သောမက်စ်မူလာက ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ဘာစီလိုနာကို ဖြုတ်ချအပြီးမှာ စပိန်ကလပ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးစကား ပြောဆိုလိုက်ပါတယ်။

ဂျာမာန်ချန်ပီယံတွေဟာ ဘာစီလိုနာကို ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ယူပြီး ဘင်ဖီကာက ဒိုင်နမိုကိဗ်ကို ၂-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းက ဘင်ဖီကာ ဖြစ်လာခဲ့ပါတယ်။

ဘိုင်ယန်အတွက် သွင်းဂိုးတွေအဖြစ် မူလာက အဖွင့်ဂိုး သွင်းယူခဲ့တာဖြစ်ပြီး ဆာနေးနဲ့ မူဆီယာလာတို့က ဂိုးတွေ ထပ်သွင်းခဲ့တာဖြစ်တယ်။ နိုင်ပွဲလိုအပ်နေပေမယ့် ဘာစီလိုနာဟာ ဂိုးပေါက် တည့်မှတ်မှု ၂ ကြိမ်ပဲ ရှိခဲ့ကာ ဘောလုံးပိုင်ဆိုင်မှုမှာလည်း အရေးမသာခဲ့ပါဘူး။

ပွဲအပြီးမှာ သောမက်စ် မူလာက ” ပြင်းပြမှုတွေဖြင့် အားထုတ်ကစားမှုကို ဘာစီလိုနာ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူးလို့ ထင်ပါတယ်။ နည်းစနစ်ပိုင်းအရတော့ သူတို့ ကစားနိုင်ပါတယ်။ သူတို့အသင်းမှာ နည်းစနစ်ပိုင်း သိပ်ကောင်းတဲ့ ကစားသမားတွေရှိတယ်။ ဒါပေမယ့်လို့ အမြင့်ဆုံးဘောလုံးမှာ ပြင်းထန်တဲ့ အားထုတ်ကစားမှုတွေနဲ့ ကစားဖို့တော့ သူတို့ မစွမ်းနိုင်ပါဘူး ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ချန်ပီယံလိဂ် အုပ်စုသွင်း ၆ ပွဲမှာ သွင်းဂိုး ၂ ဂိုးပဲ ရခဲ့တာဖြစ်တယ်။ ဒီခြေစွမ်းတွေကြောင့်ပဲ ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံးအဖြစ် ယူရိုပါလိဂ်ထံ ဆင်းကစားရတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာ မန်နေဂျာဇာဗီ ကိုယ်တိုင်ကလည်း ပွဲပြီး ပြောဆိုမှုမှာ သူ့အသင်း စွမ်းဆောင်ရည်အတွက် အတော်လေး ဒေါသထွက်နေခဲ့တာဖြစ်တယ်။

ဇာဗီကတော့ ” ကျနေ်ာတို့ ယူရိုပါလိဂ်ကို ဆင်းကစားရပါတော့မယ်။ နယ်ပယ်သစ်တစ်ခုက စတင်ခဲ့ပါပြီ။ ကျနေ်ာတို့ သုညကနေ နောက်တစ်ကြိမ် ပြန်စရတော့မှာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာတို့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို မတက်ရောက်နိုင်ခဲ့တဲ့ နောက်ဆုံးအကြိမ်က ၂၀၀၁-၀၂ ရာသီ ရာသီမှာဖြစ်ပြီး သူတို့ဟာ အေစီမီလန်နဲ့ လိဒ်စ်တို့ရဲ့နောက် အုပ်စုတတိယသာ ရရှိခဲ့တာဖြစ်ပါတယ်။