သူ့အပေါ် ဝေဖန်ကြတဲ့ နဗီးလ်နဲ့ ရွိုင်ကိန်းတို့လို့ သရဲနီဟောင်းတွေအား ဖာနန်ဒက်စ် တုန့်ပြန်

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် လက်ပတ်နဲ့ ထိုက်တန်မှုမရှိဘူးဆိုပြီး ကစားသမားဟောင်းတွေရဲ့ ပြောဆိုချက်တွေကို ဘရူနို ဖာနန်ဒက်စ် တစ်ယောက် ပြန်လည် တုန့်ပြန်သွားခဲ့ပါတယ်။

မန်ယူအသင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် နဲ့ ရွိုင်ကိန်းတို့လို ကစားသမားတွေဟာ ဖာနန်ဒက်စ်ရဲ့ ကွင်းတွင်း ဉီးဆောင်နိုင်စွမ်းတွေကို လူသိရှင်ကြား ဝေဖန်ခဲ့ကြသူတွေ ဖြစ်ပြီး ယခုတစ်ခေါက်မှာတော့ ဖာနန်ဒက်စ်က ပြန်လည် တုန့်ပြန်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဖာနန်ဒက်စ်က “ ကျွန်တော်ကတော့ ကျွန်တော့် ပုံစံကို လုံးဝ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး၊ လူတွေကတော့ သူတို့ မြင်တဲ့အတိုင်း သူတို့အတွေးနဲ့ သူတို့ ဆုံးဖြတ်နေကြမှာပါပဲ၊

အချို့က တီဗီပေါ်က မြင်တဲ့ အရာကို အခြေခံပြီး ဆုံးဖြတ်တယ်၊ အချို့ကအင်တာဗျူးတွေမှာ ကြားတဲ့ အရာတွေပေါ် အခြေခံပြီး ဆုံးဖြတ်တယ်၊ ဒါက သူတို့ လွတ်လပ်ခွင့်ပါပဲ၊ ကျွန်တော်ကတော့ တစ်ဖက်သားအကြောင်း ကောင်းကောင်း မသိသေးပဲနဲ့ ဘယ်တော့မှ ဝေဖန် အကဲဖြတ်တာမျိုး လုပ်သွားမှာ မဟုတ်ပါဘူး၊

သူတို့မှာလည်း ကျွန်တော်နဲ့ ပတ်သက်တဲ့ကိုယ်ပိုင် ရှုမြင်ပုံတွေ ရှိနေနိုင်ပါတယ်၊ အဲ့ဒီလို မတူညီတာတွေကြောင့်ပဲ လူတွေက ကွဲပြားကုန်ကြတာပါ၊ ရှုမြင်ပုံတွေ ဆုံးဖြတ်ပုံတွေက ထပ်တူကျနေရင် လူ့ဘဝကြီးက ပျင်းဖို့ ကောင်းလွန်းပါတယ်၊

အသင်းဖော်ကောင်းတစ်ယောက်ဆိုတာ ကိုယ့်အသင်းဖော်ဆီက အကောင်းဆုံးတွေ ရရှိဖို့ပဲ ဖိအားပေး တောင်းဆိုသွားမှာပါ ” ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။