လဲချင်ရင် နည်းပြလဲ ဆိုတဲ့ အမော်ရင်၊ နည်းပြကို မထုတ်ဘူး ဆိုတဲ့ ယူနိုက်တက် ဘုတ်အဖွဲ့
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်အစမှာပဲ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
ဒါပေမယ့် အသင်းဘုတ်အဖွဲ့ကတော့ နည်းပြအမော်ရင်အပေါ် အားပေးထောက်ခံနေဆဲဖြစ်ပြီး လက်ရှိအခြေအနေကို ပြောင်းလဲပစ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။
ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့က မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးကို ၃-၀ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ရာသီအစ ၄ ပွဲကစားအပြီး ၄ မှတ်သာရရှိခဲ့သလို ၁၉၉၂-၉၃ ရာသီနောက်ပိုင်း အဆိုးရွားဆုံးရာသီအစမှတ်တမ်းဆိုးကို ပြန်လည် ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါ့အပြင် ယူနိုက်တက်တို့ လိဂ်ဖလားပြိုင်ပွဲမှာလည်း League Two ကလပ် ဂရင်းစဘီကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ပြီး ဒုတိယအဆင့်ကနေ အရှက်တကွဲထွက်ခဲ့ရပါတယ်။
ဒါပေမဲ့လည်း ယူနိုက်တက်ဘုတ်အဖွဲ့က အမော်ရင်ကို နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ အစီအစဉ်မရှိဘဲ အသင်းက တိုးတက်မှုတွေ ရှိလာတယ်ဆိုပြီး ယူဆနေတယ်လို့ ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ မန်စီးတီးနဲ့ပွဲမှာ အဓိကတိုက်စစ်ကစားသမား ၂ ဦးဖြစ်တဲ့ ကူညာ၊ မေဆင်မောင့်တို့ ဒဏ်ရာပြဿနာနဲ့ မပါဝင်နိုင်တာကြောင့်လည်း ရလဒ်မကောင်းခဲ့တာဖြစ်တယ်လို့ ဘုတ်အဖွဲ့က ယူဆနေပါတယ်။
ယူနိုက်တက်အသင်းဟာ လာမဲ့တစ်ပတ်ကျရင် နောက်ထပ်ပွဲကျပ်အဖြစ် ချယ်ဆီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး အဲဒါပြီးရင် ခြေစွမ်းမာကျောတဲ့ ဘရန့်ဖို့ဒ်နဲ့အဝေးကွင်း၊ တန်းတက်ဆန်းဒါးလန်းကို အိမ်ကွင်းပွဲတွေ ရင်ဆိုင်ရမှာ ဖြစ်လို့ အမော်ရင်ဟာ ဖိအားတွေ လျှော့ချနိုင်ဖို့အတွက် ရလဒ်ကောင်းရယူဖို့ လိုအပ်နေပါပြီ။
နည်းပြ အမော်ရင်ကတော့ သူ့ နည်းစနစ်ပိုင်းတွေ ပြောင်းလဲဖို့ အစီအစဉ် မရှိကြောင်း အပြတ်ပဲ ထုတ်ပြောထားပြီ ဖြစ်ပြီး နည်းပြ လဲလိုက လဲနိုင်တယ်လို့ပါ ပွင့်ပွင့်လင်းလင်း ပြောဆိုထားပါတယ်။