ယူနိုက်တက် ဘုတ်အဖွဲ့က အခုနေ အမော်ရင်ကို မထုတ်ဘဲ ထောက်ခံတယ်ချည်း ပြောနေရတဲ့ အကြောင်းရင်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမဲ့နိုဝင်ဘာလ ၁ ရက်မတိုင်ခင် အမော်ရင်ကို နည်းပြရာထူးကနေ ထုတ်ပယ်မယ်ဆိုရင် မြင့်မားတဲ့လျော်ကြေးပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးကို ၃-၀ ဂိုးပြတ်နဲ့ရှုံးနိမ့်ပြီးတဲ့နောက် ၁၉၉၂-၉၃ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံးရာသီအစ မှတ်တမ်းနဲ့ပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာ ၁ ရက်က အမော်ရင်ကို ၂ နှစ်ခွဲစာချုပ်နဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး စာချုပ်ပြည့်ရင် နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် ရှိတယ်ဆိုတဲ့ သဘောတူညီချက်ပါဝင်သလို ၁ နှစ်လစာအဖြစ် ပေါင် ၆.၅ သန်းပေးချေရမှာဖြစ်ပါတယ်။

အမော်ရင်ဟာ ယူနိုက်တက်နည်းပြဘ၀ ပရီးမီးယားလိဂ် ၃၁ ပွဲကိုင်တွယ်အပြီးမှာ ၈ ပွဲသာအနိုင်ရခဲ့သလို စုစုပေါင်း ၃၁ မှတ်သာ ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပြိုင်ပွဲစုံမှာလည်း အမော်ရင်က ၄၇ ပွဲမှာ ၁၇ ပွဲသာ အနိုင်ရခဲ့ပြီး အနိုင်ရာခိုင်နှုန်းက ၃၆.၂ % သာရှိတာကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ယူနိုက်တက်အသင်းကို ၂၅ ပွဲနဲ့အထက် ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာ နိုင်ပွဲရာခိုင်နှုန်းအနည်းဆုံးအဖြစ် ရပ်တည်နေပါတယ်။

ယူနိုက်တက်ဘုတ်အဖွဲ့က အမော်ရင်အပေါ် အားပေးထောက်ခံနေဆဲဆိုပေမဲ့ လာမဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ရလဒ်မကောင်းရင်တော့ အမော်ရင်ကို ရာထူးကနေ ထုတ်ပယ်သွားဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲကျပ် ရင်ဆိုင်ရမှာဖြစ်သလို အဲဒါပြီးရင် ဘရန့်ဖို့ဒ်နဲ့အဝေးကွင်း၊ တန်းတက်ဆန်းဒါးလန်းကို အိမ်ကွင်းပွဲတွေ လက်ခံကစားရမှာဖြစ်ပါတယ်။

အဲဒီ ၃ ပွဲနဲ့ အောက်တိုဘာ ၁၉ ရက်ကျရင် လီဗာပူးလ်နဲ့ကစားမဲ့ပွဲတွေမှာ ရလဒ်ကောင်း မယူနိုင်ရင်တော့ ယူနိုက်တက်အသင်းဟာ အမော်ရင်ကို ရာထူးကနေ ထုတ်ပယ်သွားဖို့ရှိနေပါပြီ။

တကယ်လို့ ယူနိုက်တက်အသင်းသာ အမော်ရင်ကို ၁ နှစ်မပြည့်ခင် ရာထူးကနေ ထုတ်ပယ်မယ်ဆိုရင် လျော်ကြေးအဖြစ် ပေါင် ၁၂ သန်းအထိ ပေးချေရမှာဖြစ်သလို နည်းပြအဖွဲ့ဝင်တွေကိုလည်း လျော်ကြေးပေးချေရမှာဖြစ်တယ်လို့ ဗြိတိန် သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။