ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်က မှတ်တမ်းဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ စံချိန်တင် ဝင်ငွေရ
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ကွင်းတွင်းစွမ်းဆောင်ရည်အရ မှတ်တမ်းဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ စံချိန်တင်ဝင်ငွေ ရရှိခဲ့ကြောင်း သိရပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့်(၁၅)သာ ရရှိခဲ့တာကြောင့် တန်းဆင်းခဲ့ရတဲ့ ၁၉၇၃-၇၄ ရာသီနောက်ပိုင်း အဆိုးရွားဆုံးရပ်တည်မှု ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ Snapdragon နဲ့ (၅)နှစ်သက်တမ်းရှိတဲ့ စံချိန်တင်စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့အပြင် ကွင်းဝင်ကြေးကလည်း စံချိန်တင်ပမာဏအထိ ရရှိခဲ့ပါတယ်။
ဒါကြောင့် ၂၀၂၅ ဇွန်(၃၀)အထိ တွက်ချက်ခဲ့တဲ့ တစ်နှစ်တာဝင်ငွေက ပေါင်(၆၆၆.၅)သန်း ရှိပြီး အသင်းရဲ့သမိုင်းတစ်လျှောက် စံချိန်သစ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မန်ယူအသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီကထက် ဝင်ငွေ (ဝ.၇ %) မြင့်တက်လာခဲ့တာဖြစ်ပြီး အရှုံးငွေကလည်း ပြီးခဲ့တဲ့နှစ်မှာ ပေါင်(၁၁၃.၂)သန်းရှိခဲ့ရာက ဒီနှစ်မှာ ပေါင်(၃၃)သန်းသာ ရှိတော့ကြောင်း သိရပါတယ်။
မန်ယူအသင်းဟာ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ အသုံးစရိတ်လျှော့ချမှုများစွာ ပြုလုပ်ခဲ့တာကြောင့် အသင်းရဲ့ အသားတင်အရှုံံးငွေပမာဏ လျော့ကျလာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။