မန်ချက်စတာ ယူနိုက်တက် အသင်းသမိုင်းထဲ ထည့်သွင်းရမယ့် လက်ရှိ ကစားသမားကို အမိုရင် ထောက်ပြ

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အမိုရင်ကတော့ ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းသမိုင်းထဲ ထည့်သွင်းသင့်တဲ့ ကစားသမားမျိုး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ကစားသမားဟောင်းတွေရဲ့ ဝေဖန်တိုက်ခိုက်ခြင်း ခံနေရတဲ့ ဖာနန်ဒက်စ်ဟာ ယခုတစ်ခေါက် ချဲလ်ဆီးနဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့သလို သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းအတွက် ဂိုး ၁၀၀ မြောက်လည်း ရယူနိုင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ၂၀၂၀ ဇန်နဝါရီ အပြောင်းအရွှေ့ကတည်းက ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ယူနိုက်တက် သမိုင်းတစ်လျှောက် ပွဲ ၂၀၀ မြောက်မှာ သွင်းဂိုးသွင်းယူနိုင်ခဲ့တဲ့ ၅ ဉီးမြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

အမိုရင်က “ ဖာနန်ဒက်စ်က အသင်းသမိုင်းထဲ ထည့်သွင်းသင့်တဲ့ ကစားသမားမျိုးပါ၊ သူက ထိုက်တန်မှုရှိပါတယ်၊ သူ့သွင်းဂိုးတွေ အရည်အသွေးတွေလောက်သာမဟုတ်ပဲ အသင်းဖော်တွေကို သူဘယ်လိုကူညီထောက်ပံ့ပေးနေသလဲ ဆိုတာကလည်း ချီးကျူးစရာပါပဲ။

သူက ချီးကျူးမှုတွေနဲ့ တကယ်ကို ထိုက်တန်ပါတယ်၊ အရေးကြီးတာက သူက တစ်သင်းလုံးအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ ဖာနန်ဒက်စ်ဟာ လက်ရှိ အသင်းရဲ့ အဓိက ကစားသမား နေရာ ရယူထားနိုင်သူ တစ်ယောက် ဖြစ်ပြီး တိုက်စစ်မှူးတွေထက် ဂိုးသွင်းနှုန်းပိုမြင့်နေတာကြောင့် ပရိသတ် အချစ်တော် ကစားသမား တစ်ယောက်လည်း ဖြစ်ပါတယ်။