အင်္ဂလန်ကလပ်တွေ ရှုံးကြတဲ့ ညက ယူရိုပါလိဂ်ပွဲများ၊ နက်ဖိလစ်၊ ဖာပို၊ ဝါနာတို့နဲ့ ယနေ့ နံနက်ခင်း သတင်းများ

ညက ယူရိုပါလိဂ် အုပ်စုပွဲတွေမှာတော့ အင်္ဂလန်အသင်းတွေ ကိုယ်စီ ရှုံးပွဲတွေ့ခဲ့ကြပါတယ်။ လက်စတာက နာပိုလီကို ၃-၂ နဲ့ အရေးနိမ့်ခဲ့သလို ဝက်စ်ဟမ်းက ဒိုင်နမို ဇာဂရက်ကို ၁-ဝ နဲ့ ရှုံးခဲ့တာပါ။

ဒီတစ်ပတ် ယှဉ်ပြိုင်ကစားမဲ့ စပါးနဲ့ ဘရိုက်တန်တို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ လက်ရှိမှာ စပါး အသင်း အနေနဲ့ ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်နေပြီး ကစားသမား ၈ဦးနဲ့ ဝန်ထမ်း ၅ ဦးကူးစက်ခံထားရတာပါ။ ဒါကြောင့် စပါးနဲ့ ရိန်းနက်စ်နဲ့ ယှဉ်ပြိုင်မဲ့ ယူရိုကွန်ဖရင့်လိဂ်ပြိုင်ပွဲကိုလည်း ရွှေ့ဆိုင်းထားခဲ့ရတာပါ။

လက်စတာနည်းပြ ရော်ဂျာက ယူရိုပါလိဂ်ကနေ ထွက်ခွာရပြီး ယူရိုကွန်ဖရင့်လိဂ် ကစားရမဲ့အပေါ် “ရိုးရိုးသားသား ပြောရရင် ယူရိုကွန်ဖရင့်လိဂ်က ဘာလဲဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်က ယူရိုပါလိဂ်မှာအုပ်စုဗိုလ်ရဖို့ပဲ အာရုံစိုက်ထားခဲ့တာပါ။ အလွန်ဆုံး အုပ်စုဒုတိယလောက်ပေါ့။ ဒါပေမဲ့ ဒီပြိုင်ပွဲကို လေးစားမှုရှိရှိ ယှဉ်ပြိုင်သွားမှာပါ”လို့ ဖွင့်ဟခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ လီဗာပူး ခံစစ်မှုး နက်ဖီးလစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဝက်စ်ဟမ်း ကမတ်လအထိ အနားယူရဖွယ်ရှိနေတဲ့ ဇူးမားရဲ့ နေရာမှာ အစားထိုးဖို့နောက်ခံလူ ရှာဖွေနေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီကတော့ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ နောက်ခံလူမာကွင်ဟို့စ်နဲ့ တောင်ပံကစားသမား ဒီမာရီယာတို့ကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ နီးစပ်လျက် ရှိနေပါတယ်။

ဒီမာရီယာရဲ့ စာချုပ်က ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ပီအက်စ်ဂျီကသဘောတူညီမှုရရှိထားပါတယ်။ မာကွင်ဟို့စ်ရဲ့ စာချုပ်က ၂၀၂၄ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်ပေမဲ့ ပီအက်စ်ဂျီက ရေရှည်သက်တမ်းတိုးလိုနေတာပါ။

မန်ယူအနေနဲ့ ချဲလ်ဆီးတိုက်စစ်မူှး ဝါနာကိုခေါ်ယူဖို့ ကြိုးပမ်းနေတာကို မေ့ပစ်သင့်ပြီလို့ ချဲလ်ဆီး ကစားသမားဟောင်း ဂလင်းဂျွန်ဆင်က ပြောဆိုလိုက်ပါတယ်။ ဝါနာဟာ မန်ယူနဲ့ လိုက်ဖက်တဲ့ ကစားသမားမျိုး မဟုတ်ဘဲ ဒါက မန်ယူအတွက်ရော၊ ဝါနာအတွက်ပါ ကောင်းနိုင်တယ်လို့ မထင်မိကြောင်း ဂျွန်ဆင်က မှတ်ချက်ပြုခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ဟာမန်းကတော့ ချဲလ်ဆီးအနေနဲ့ ဒီရာသီ ပရီးမီး ယားလိဂ် ချန်ပီယံဆု အတွက် မန်စီးတီးနဲ့ လီဗာပူးတို့ကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ကြောင်း၊ ချဲလ်ဆီးဟာ ရေရှည်သွားရမဲ့ တာဝေးပြိုင်ပွဲ တစ်ခုအတွက် လုံလောက်တဲ့ သက်လုံမျိုး ရှိကြောင်း ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ်ဂိုးသမားဟောင်း ဒေးဗစ်ဆီးမန်းက အာဆင်နယ်အနေနဲ့ ဒီတစ်ပတ်ပွဲစဉ်မှာ ဆောက်သမ်တန်ကို အနိုင်ရဖို့ လိုအပ်ကြောင်း၊ ဆောက်သမ်တန်ကို အနိုင်မရရင် ဖိအားတွေ စတင် ခံစားလာရမှာ ဖြစ်ကြောင်း၊ ဆောက်သမ်တန် ဂိုးသမားသစ် ကာဘယ်လိုင်ရိုက ကာလတစ်ခုကြာ ပွဲမကစားခဲ့ရလို့ သူ့ကို ပစ်မှတ်ထားပြီး ခြိမ်းခြောက်မှုတွေ လုပ်သင့်ကြောင်း ဆိုခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်နောက်ခံလူ ဖာပိုက ဘာစီလိုနာမှာတုန်းက နည်းပြဟောင်း ကိုးမန်းဟာ မိမိကို လိမ်ညာခဲ့ကြောင်း၊ သူ့အနေနဲ့ ဘာကြောင့် မကစားရသလဲလို့ မေးမြန်းတဲ့အခါ ကိုးမန်းက အဓိပ္ပာယ် မရှိတဲ့ စကားတွေသာ ပြောဆိုခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။