ခြေစွမ်းထက် ကိုလံဘီယာလူငယ်ကြယ်ပွင့်လေးကို ခေါ်ယူရေး ယူနိုက်တက် သဘောတူညီမှု ရရှိ
မန်ချက်စတာယူနိုက်တက်အသင်းဟာ အရည်အသွေးမြင့် လူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ကိုလံဘီယာလူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ သဘောတူညီမှုရသွားပြီလို့ သိရပါတယ်။
ယူနိုက်တက်အသင်းဟာ လူငယ်ကြယ်ပွင့်တွေကို ဦးစားပေးခေါ်ယူနေပြီး အခု အသက် ၁၇ နှစ်သာရှိသေးတဲ့ ကွင်းလယ်လူ ခရစ္စရှန်အိုရော့ဇ်ကို,ကို ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။
ကိုလံဘီယာလူမျိုး ဂျာနယ်လစ်တစ်ဦးဖြစ်သူ ပီပီဆီရီယာက ယူနိုက်တက်အသင်းဟာ အိုရော့ဇ်ကိုရဲ့အပြေင်းအရွှေ့ကိစ္စအတွက် သူ့ရဲ့မိခင်ကလပ် Fortaleza CEIF အသင်းနဲ့ သဘောတူညီမှုရသွားပြီဖြစ်တယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။
ကွင်းလယ်ခံစစ်ကစားသမားဖြစ်သူ အိုရော့ဇ်ကိုဟာ စီနီယာအသင်းအတွက် ပွဲထွက်ကစားခွင့် မရသေးပေမဲ့လည်း ကိုလံဘီယာ လူငယ်အသင်းတွေမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။
အိုရော့ဇ်ကိုဟာ အသက် ၁၈ နှစ်ပြည့်မဲ့ ၂၀၂၆ ဇူလိုင်လကျရင် ယူနိုက်တက်အသင်းကို ပြောင်းရွှေ့မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ယူနိုက်တက်အသင်းဟာ ကွင်းလယ်ကို အားဖြည့်ဖို့အတွက် ပြင်ဆင်နေပြီး အိုရော့ဇ်ကိုအပြင် ဘရိုက်တန်ကြယ်ပွင့် ကားလို့စ်ဘလီဘာကိုလည်း ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပြောင်းအရွှေ့ဈေးကွက်တုန်းက ဘလီဘာကို ခေါ်ယူဖို့ ယူနိုက်တက်တို့ နီးစပ်ခဲ့ပြီး ဘလီဘာကိုယ်တိုင် က လည်း ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ချင်ပေမဲ့ ပြောင်းရွှေ့ကြေးကိစ္စ အဆင်မပြေတာကြောင့် မဖြစ်မြောက်ခဲ့ပါဘူး။
ယူနိုက်တက်အသင်းက ဘလီဘာအတွက် ပြောင်းရွှေ့ကြေးနဲ့ကစားသမား အလိုက်ပေးပြီးတော့ ကမ်းလှမ်းခဲ့ပေမဲ့ ဘရိုက်တန်အသင်းက ဘလီဘာကို ပေါင် ၁၁၅ သန်းအထိ လိုချင်တာကြောင့် ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။
ဒါ့အပြင် ဘရိုက်တန်အသင်းက အခုနွေရာသီအတွင်း ဘလီဘာကို ရောင်းမှာ မဟုတ်ဘူးလို့ ယူနိုက်တက်အသင်းဆီ အကြောင်းပြန်ခဲ့တာကြောင့် ယူနိုက်တက်ဘက်က လက်လျှော့ခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်အသင်းဟာ ဘလီဘာကို ခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းမှာဖြစ်ပြီး ဒီရာသီကုန်ကျရင် စာချုပ်သက်တမ်းပြည့်မဲ့ ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးနဲ့လမ်းခွဲဖို့ နီးစပ်နေတဲ့အပြင် ဆန်ချို၊ မာလာစီယာတို့ကို ရောင်းချငွေရှာသွားမှာဖြစ်သလို ရရှိလာတဲ့ ငွေကြေးနဲ့ ဘလီဘာကို ကမ်းလှမ်းသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။