နည်းပြ အမော်ရင် ယူနိုက်တက်ကနေ အမြန်ဆုံး ထွက်သင့်နေပြီလို့ ကာရေဂါ သုံးသပ် တိုက်တွန်း

ရလဒ်ဆိုးတွေကြောင့် ဖိအားများနေတဲ့ အမော်ရင်အနေနဲ့ မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကနေ အမြန်ဆုံးထွက်သင့်နေပြီလို့ လီဗာပူးလ်ဂန္ထဝင်နောက်ခံလူ ကာရေဂါက သုံးသပ်ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘရန့်ဖို့ဒ်ကို ၃-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် ရာသီအစမှာပဲ အဆင့် ၁၄ နေရာမှာ ရပ်တည်နေရသလို အမော်ရင်လက်ထက် ပရီးမီးယားလိဂ်ပွဲပေါင်း ၃၃ ပွဲမှာ ၉ ပွဲသာ အနိုင်ရပြီး ၁၇ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒါကြောင့် ကာရေဂါက “ယူနိုက်တက်နည်းပြရာထူးမှာ အမော်ရင် ဆက်ရှိနေရတဲ့အကြောင်းရင်းက ဘုတ်အဖွဲ့ဟာ ကွင်းတွင်း၊ ကွင်းပြင်မှာ အမှားတွေအများကြီးပြုလုပ်ခဲ့ပြီး အခုအချိန်မှာ အမော်ရင်ကို နည်းပြခန့်အပ်ခဲ့တာက မှားယွင်းသွားပြီလို့ ဝန်မခံချင်တာကြောင့်ဖြစ်ပါတယ် . . .”

“ယူနိုက်တက်နဲ့အမော်ရင်တို့ရဲ့အခြေအနေက တကယ့်ကို ဆိုးရွားလွန်းပါတယ်။ စပို့တင်းလစ္စဘွန်းအသင်းမှာ အမော်ရင် စွမ်းဆောင်ပြခဲ့တာက ချီးကျူးစရာကောင်းပြီး သူက နည်းပြဘဝမှာ နောက်ထပ် ကြီးမားတဲ့အောင်မြင်မှုရယူဖို့ ပစ်မှတ်ထားခဲ့ပါတယ် . . .”

“ဒါပေမဲ့ အမော်ရင်ရဲ့ နည်းဗျူဟာတွေက ယူနိုက်တက်အသင်း သမိုင်းကြောင်းအစဉ်အလာနဲ့ မကိုက်ညီသလို ဒီလို နည်းပြမျိုးက ယူနိုက်တက်အသင်းက အချိန်ယူ မစဉ်းစားဘဲ မြန်မြန်ဆန်ဆန်ပဲ နည်းပြသစ်ခန့်အပ်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ နှစ်ဖက်စလုံးအတွက် စိတ်ပျက်စရာ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတာပါ . . .”

“အခုတော့ နည်းပြရာထူးကနေ အမော်ရင် ဘယ်အချိန်အထုတ်ခံရမလဲဆိုတာ စောင့်နေရသလိုဖြစ်နေပြီး အဲဒါက ရှောင်လွှဲလို့ မရပါဘူး။ နည်းပြတစ်ယောက် ရာထူးကနေ အထုတ်ခံရတာကို ဘယ်သူမှ မမြင်လိုပေမဲ့ အခုအချိန်မှာတော့ ယူနိုက်တက်နဲ့အမော်ရင်တို့ဟာ အမြန်ဆုံး လမ်းခွဲသင့်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

ဒီတခါတော့ ကာရေဂါကြီးက အမှန်တွေ တည့် ပြောနေပါပြီ။