ယူနိုက်တက်ရဲ့ အကောင်းဆုံး အချိန် စရောက်လာပြီလို့ နည်းပြ ရူဘင် အမိုရမ် ကြွေးကြော်
ပြီးခဲ့တဲ့ ဆန်းဒါးလန်းနှင့်ပွဲစဉ်မှာ ယူနိုက်တက်က အကောင်းဆုံးခြေစွမ်းဖြင့် ကစားနိုင်ခဲ့ပြီးနောက် ရူဘင်အမိုရမ်က ယူနိုက်တက်ရဲ့ အကောင်းဆုံးအချိန်အခါ စတင်ကျရောက်လာပြီလို့ ယုံကြည်ကြောင်း ပြောကြားလာပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြဟာ ဘရန့်ဖို့ဒ်အား ရှုံးနိမ့်ပြီနောက် မဖြစ်မနေ နိုင်ပွဲ ရယူရမယ့် တန်းတက် ဆန်းဒါးလန်းနှင့်ပွဲစဉ်တွင် နိုင်ပွဲ ရရှိလာမှုနှင့်အတူ ဖိအားအနည်းငယ် လျော့ကျလာပါတယ်။
ယူနိုက်တက်ဟာ မနေ့ညကပွဲတွင် မေဆင်မောင့်နှင့် တိုက်စစ်မှူးသစ်ဘင်ဂျာမင်ဆက်စ်ကိုတို့ရဲ့ ဂိုးဖြင့် ဆန်းဒါးလန်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ယင်းပွဲတွင် ကလပ်အတွက် ပထမဆုံးပွဲ ကစားလာတဲ့ ဂိုးသမားဆန်နီလမ်မန်မှာလည်း ဂိုးပေးခဲ့ရခြင်း မရှိပါဘူး။
အမိုရမ်က “ပြီးပြည့်စုံတဲ့ ခြေစွမ်းတော့ မဟုတ်ဘူး။ ဒါပေမယ့် ရင့်ကျက်တဲ့အသင်း၊ ပြိုင်ဆိုင်မှုကောင်းတဲ့အသင်း ဖြစ်နေပါတယ်”လို့ ပြောကြားသွားပါတယ်။
အမိုရမ်ဟာ ဆန်းဒါးလန်းနိုင်ပွဲကြောင့် ဖိအားအနည်းငယ်လျော့ကျလာတယ်ဆိုပေမယ့်လည်း ရာထူးမှ ထုတ်ပယ်ခံရနိုင်သေးတဲ့ အခြေအနေမျိုးမှာ ရှိနေဆဲ ဖြစ်ပါတယ်။
မေဆင်မောင့်ကတော့ “နည်းပြနောက်မှာ ကျွန်တော်တို့ ရာနှုန်းပြည့် ရှိနေတယ်။ ကျွန်တော်တို့ ၊ ပရိသတ်တို့၊ နည်းပြအဖွဲ့တို့ နာကျင်ရတဲ့ ရလဒ်အချို့ ရခဲ့တယ်။ ဒါပေမယ့် ဒီနိုင်ပွဲက အရေးပါတဲ့ နိုင်ပွဲပါ”လို့ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး အမိုရမ်က “သူတို့(ကစားသမားတွေ)အကောင်းဆုံးလုပ်ချင်ကြတာ ကျွန်တော် သိပါတယ်။ သူတို့ နည်းပြအပြောင်းအလဲ မဖြစ်ချင်ကြဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ပြဖို့ လိုနေတယ်။ ဒီအပတ်ထဲမှာ ဒါကို ခံစားရတယ်။ ဒါပေမယ့် ကွင်းထဲမှာလည်း ပြဖို့ လိုတယ်။ တခါတလေ သူတို့ ပိုကောင်းနိုင်တာ သူတို့ သိကြပါတယ်”လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ အမိုရမ်လက်ထက် ပထမဆုံး နိုင်ပွဲဆက် နိုင်ပွဲရရှိရေးအတွက် နိုင်ငံတကာပွဲအပြီးတွင် ယခုနှစ်များအတွင်းတွင် အခက်ခဲဆုံး ပြိုင်ဘက်များဖြစ်နေတဲ့ လီဗာပူး၊ ဘရိုက်တန်တို့နှင့် ရင်ဆိုင်ကစားရပါမယ်။