ပုံမှန် ပွဲကစားခွင့် မရရင် ဆောင်းဈေးကွက်မှာ အသင်းပြောင်းတော့မယ့် ယူနိုက်တက် အသင်းသား
မန်ချက်စတာယူနိုက်တက် တိုက်စစ် ကစားသမား ဇက်ဇီး ဟာ အမော်ရင်အနေနဲ့ သူ့ကို ပွဲကစားခွင့် မပေးဘူးဆိုရင် လာမဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ဖို့ အသင့်ရှိနေပြီဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်သူ ဇက်ဇီး ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် တစ်ပွဲမှ ပွဲထွက်ကစားခွင့် မရသေးဘဲ ကလပ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတာကြောင့် နယ်သာလန်လက်ရွေးစင်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
လာမဲ့နှစ်ကျရင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမှာဖြစ်လို့ ဇက်ဇီး ဟာ လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲခွင့်ရဖို့အတွက် လာမဲ့ရာသီဝက်ကာလအတွင်း ခြေစွမ်းပြနိုင်ဖို့ လိုအပ်နေပါပြီ။
၂၀၂၃ ခုနှစ်က ဘိုလော့ဂ်နာအသင်းကနေ ပေါင် ၄၃ သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ဇက်ဇီး ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၃၂ ပွဲ၊ ပြိုင်ပွဲစုံမှာ ၄၉ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဇက်ဇီး က ၃ ဂိုးသာ သွင်းနိုင်ပေမဲ့ အမော်ရင်ရဲ့ယုံကြည်မှုရရှိခဲ့ပြီး ဧပြီလအတွင်း နယူးကာဆယ်နဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် အနားယူခဲ့ရပါတယ်။
ဒါပေမဲ့ ဒီရာသီမှာတော့ ဇက်ဇီး ဟာ ပရီးမီးယားလိဂ် ၃ ပွဲမှာ အရန်အဖြစ်သာ ပါဝင်ကစားခဲ့ရသလို လိဂ်ဖလားပွဲဖြစ်တဲ့ ဂရင်းစဘီနဲ့ပွဲမှာတောင် ပွဲထွက်ကစားခွင့် မရခဲ့ပါဘူး။
ယူနိုက်တက်တိုက်စစ်မှာ ရှက်ရှ်ကို၊ အမ်ဘူမို၊ ကူညာတို့ကို အမော်ရင်က ဦးစားပေး အသုံးပြုနေတာကြောင့် ဇက်ဇီး က သူ့ကို အမော်ရင် အလိုမရှိတော့ဘူးလားဆိုတာ ရှင်းရှင်းလင်းလင်း သိချင်နေပါတယ်။
ယူနိုက်တက်နဲ့ ဇက်ဇီး တို့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၉ ခုနှစ်အထိ ကျန်ရှိနေပြီး လာမဲ့ဇန်နဝါရီကျရင် သူ့ကို ခေါ်ယူဖို့ စီးရီးအေကလပ်တွေဖြစ်ကြတဲ့ ကိုမိုနဲ့ ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။