ဘရူနို ဖာနန်ဒက်စ် ထံမှ အသင်းခေါင်းဆောင် ရာထူးကို လွှဲပြောင်း ယူသင့်သူ ရှမိုက်ကယ် ညွှန်းဆို
မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပီတာ ရှမိုက်ကယ်က မန်ချက်စတာယူနိုက်တက်ကစားသမားတစ်ဦးဟာ အသင်းခေါင်းဆောင်ဖြစ်လာဖို့ လိုအပ်တဲ့ အရည်အချင်းတွေ အားလုံးရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
သရဲနီတွေဟာ အန်းဖီးမှာ အနိုင်မရခဲ့တာ ဆယ်စုနှစ်တခုနီးပါးရှိခဲ့ပြီဖြစ်ပေမယ့်လည်း အမိုရင်လက်ထက် အထင်ကြီးစရာအကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့ပြီးနောက် လီဗာပူးကို ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။
အဲဒီပွဲမှာ မန်ချက်စတာယူနိုက်တက်က ၈၄ မိနစ်မှာ ဟာရီ မက်ဂွိုင်းယားရဲ့ အပိုင်ခေါင်းတိုက်ချက်ကနေတဆင့် အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ဒီရာသီ ၃ ပွဲမြောက် ပရီးမီးယားလိဂ်ပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ သရဲနီအသင်းခေါင်းဆောင်ဟောင်းဟာ ဧည့်သည်တွေရဲ့ ခံစစ် ၃ ဦးမှာ အဓိက ညွှန်ကြားမှုတွေပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
မက်ဂွိုင်းယားရဲ့ တပွဲလုံးက ဘက်ပေါင်းစုံ စွမ်းဆောင်ရည်က ရှမိုက်ကယ်ကို အထင်ကြီးစေခဲ့ပြီး ရူဘင် အမိုရင်အနေနဲ့ ဖာနန်ဒက်စ်ဆီက အသင်းခေါင်းဆောင်လက်ပတ်ကို အင်္ဂလန်နောက်ခံလူဆီ ပြန်လည်ပေးအပ်ဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် သူ့ကို လုံလောက်အောင် မချီးကျူးနိုင်ပါဘူး။ ကျွန်တော် ဟာရီကို ပွဲတိုင်း ကစားစေချင်တယ်။ သူ့ကို အသင်းခေါငးဆောင် ဖြစ်စေချင်တယ်။ သူက ကောင်းမွန်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်တယောက်ရဲ့ အရည်အချင်းတွေအားလုံးရှိနေပါတယ်။
သူက အလျင်မြန်ဆုံး မဟုတ်ဘူး။ အဲဒါကို ကျွန်တော် သဘောတူပြီး သူက လှည့်ထွက်တဲ့နေရာမှာ ပြဿနာအချို့ရှိတယ်။ ဒါပေမယ့် မန်ယူနိုက်တက်မှာ အရင်ကလည်း ဒီလိုနောက်ခံလူမျိုးရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့တွေအမြဲတမ်း သူ့ဘေးနားမှာ အလျင်မြန်ဆုံးကစားသမားတွေရှိအောင် လုပ်ခဲ့ပြီး အခုအချိန်မှာတော့ မရှိပါဘူး။
သူက နံပါတ်တစ် နောက်ခံကစားသမားဖြစ်သင့်တယ်လို့ ထင်တယ်။ သူက အားလုံးကို စုစည်းနိုင်တယ်။ သူက အားလုံးနဲ့ စကားပြောပြီး သူတို့ကို ယုံကြည်မှု ပေးနိုင်တယ်။ အဲဒါက အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။
တစ်စုံတယောက်က အမြဲတမ်းကောင်းမွန်နေပြီး တချိန်လုံး တာဝန်ယူနေရရင် အဲဒါက အသင်းထဲမှာ ပြဿနာရှိနေတာကြောင့်လို့ပဲလို့ ထင်တယ်။
ဘရူနိုက အံ့အားသင့်စရာ ကစားသမားလို့ထင်တယ်။ သူက နေရာမှားပြီး ကစားနေရတာဖြစ်နိုင်တယ်။ ဒါပေမယ့် တခါတလေ သူ့ရဲ့ ကိုယ်အမူအရာကို ကျွန်တော် သဘောမကျဘူး။ သူက ကစားသမားတွေအားလုံးကို စကားကောင်းကောင်းပြောတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် တခါတလေ သူ့ရဲ့ တုံ့ပြန်မှုက တခြားလူတွေအတွက် မှားယွင်းယူဆမှုဖြစ်နိုင်ပါတယ်။

ဟာရီမှာကျတော့ အဲဒီလိုမျိုးမရှိပါဘူး။ သူက စိတ်အေးအေးထားနိုင်တဲ့သူမျိုးပါ။ ကျွန်တော် ပွဲကန်နေတဲ့အချိန် အတွင်းမှာ ပြောမိခဲ့တယ်။ ‘ကြည့်စမ်းပါဦး ဟာရီကို။ အားလုံးကို ဘယ်နေရာသွားရမလဲဆိုတာ ပြောပြပြီး အကူအညီပေးနေတဲ့ပုံစံကို ကြည့်စမ်းပါဦး’ဆိုပြီး ပြောမိခဲ့တယ်။
ဒီအသင်းမှာ ယုံကြည်မှုအပိုင်းမှာ အားနည်းနေတဲ့ ကစားသမားတွေအများကြီးရှိပြီး သူတို့တွေက အကူအညီလိုအပ်တယ်။ အဲဒါကြောင့် ဟာရီက ကစားခဲ့ရပြီး သူ အဲဒီအနိုင်ဂိုးသွင်းနိုင်တာ ကျွန်တော် အရမ်းပျော်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။