အရင်တည်းက အသင်းပိုင်ရှင် ရက်ကလစ်ဖ်က ကျွန်တော့်ကို ယုံကြည်နေပြီးသား လို့ နည်းပြ အမိုရင် ပြောဆို

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အမိုရင်ကတော့ မိမိတို့ရဲ့ စီမံကိန်းတွေကို အသင်းပိုင်ရှင် ရက်ကလစ်ဖ်တို့ ဘယ်တုန်းကမှ သံသယမဝင်ခဲ့ဘူး လို့ ဖွင့်ဟလာခဲ့ပါတယ်။

မန်စီးတီးကို ရှုံးခဲ့ပေမယ့် နောက်ပိုင်း နိုင်ပွဲတွေ ပြန်လည် ရှာတွေ့နေတာကြောင့် အမိုရင်ရဲ့ အနာဂတ်က အနည်းငယ် စိတ်အေးစပြုလာခဲ့ပြီ ဖြစ်ပြီး အသင်းပိုင်ရှင်တွေကိုယ်တိုင်က အမိုရင်ကို ထောက်မံမှုတွေ ပြုလုပ်လာကြပါတယ်။

အမိုရင်က “ ကျွန်တော်နိုင်ပွဲပျောက်နေခဲ့ချိန်တုန်းက ကျွန်တော် လုပ်နေတဲ့ အရာတွေနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ ရှက်ရွံ့မနေခဲ့ပါဘူး၊ ရက်ကလစ်ဖ်တို့ ကိုယ်တိုင်က ကျွန်တော့်ကို အမြဲတမ်း ယုံကြည်ပေးနေတယ်လို့လည်း ခံစားနေခဲ့ရပါတယ်။

ကျွန်တော်တို့ ဘာလုပ်နေသလဲဆိုတာ ရက်ကလစ်ဖ်တို့ အပြည့်အဝ နားလည်ပေမယ့် တစ်ခါတစ်ရံ ပရိသတ်တွေက နားမလည်ခဲ့ကြပါဘူး။

ဘောလုံးမှာက တစ်ပါတ်နဲ့ တစ်ပါတ် မတူညီနိုင်တာကြောင့် လာမယ့်အပတ်တွေ ဘာဖြစ်လာနိုင်မလဲဆိုတာကိုပဲ ဆက်အာရုံစိုက်ထားနိုင်ဖို့ လိုအပ်နေပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

အမိုရင်ဟာ အသင်းတိုက်စစ်ပိုင်းမှာ ပိုမိုခြေစွမ်းပြလာတဲ့ အမ်ဘီယူမိုကိုလည်း ပိုမို ယုံကြည်စိတ်ချလာနိုင်ပြီ ဖြစ်ပါတယ်။

အမိုရင်တို့ စိတ်တိုင်းကျ ခေါ်ယူခဲ့တဲ့ ကွန်ညာ နဲ့ အမ်ဘီယူမိုတို့ အတွဲအဖက်က ပေါင် ၁၃၅ သန်း ကုန်ကျခဲ့ပေမယ့် ကျန်အသင်းတွေရဲ့ တန်ကြေးတူ ခေါ်ယူမှုတွေထက် သာလွန်ကောင်းမွန်နေပါတယ်။