အရှိန်ကောင်း ရနေမှ အာဖရိကဖလားပွဲကြောင့် အခက်ကြုံရဦးမယ့် မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှာ အတွဲအဖက်ညီညီ ခြေစွမ်းပြနေကြတဲ့ အမ်ဘူမို၊ ဒီယာလိုတို့ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ကျင်းပမဲ့အချိန်ရောက်ရင် သက်ဆိုင်ရာ နိုင်ငံလက်ရွေးစင်အသင်းတွေအတွက် သွားရောက်ကစားပေးရမှာဖြစ်လို့ ယူနိုက်တက်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာဖို့ရှိနေပါပြီ။
ဒီရာသီအစကမှ ယူနိုက်တက်ကို ပေါင် ၇၁ သန်းနဲ့ရောက်ရှိခဲ့သူ အမ်ဘူမိုဟာ အချိန်တိုအတွင်းမှာပဲ ယူနိုက်တက်တိုက်စစ်အတွက် မရှိမဖြစ်ကစားသမား ဖြစ်လာနေပါတယ်။
အမ်ဘူမိုက ဒီရာသီ ပရီးမီးယားလိဂ်မှာ ၉ ပွဲကစား၊ ၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ခဲ့သလို လက်ရှိ ယူနိုက်တက်ကစားသမားတွေထဲမှာ သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နေပါတယ်။
ဒီယာလိုကတော့ ဒီရာသီမှာ သွင်းဂိုးဈေးဦးမပေါက်သေးပေမဲ့ ညာခြမ်း Wing Back နေရာမှာ အကောင်းဆုံး ကစားပြနေပြီး ယူနိုက်တက်အသင်း နိုင်ပွဲဆက်နေရတဲ့အကြောင်းရင်းတွေထဲမှာ ဒီယာလိုနဲ့အမ်ဘူမိုတို့ အတွဲညီနေတာလည်းပါဝင်ပါတယ်။
အဲဒါကြောင့် လာမဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ကျင်းပမဲ့ကာလအတွင်း သူတို့နှစ်ဦးကို ဆုံးရှုံးရမယ်ဆိုရင် အမော်ရင်အတွက် ပြဿနာအကြီးကြီးဖြစ်လာဖို့ရှိနေပါပြီ။
၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို လာမဲ့ ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၀၂၆ ဇန်နဝါရီ ၁၈ ရက်အထိ မော်ရိုကိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပြီး အမ်ဘူမိုနဲ့ ဒီယာလိုတို့ဟာ ကင်မရွန်း၊ အိုင်ဗရီကို့စ်အသင်းတွေမှာ သေချာပေါက် ရွေးချယ်ခံရမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမဲ့ဒီဇင်ဘာလ ၁၃ ရက်ကျရင် ဘုန်းမောက်နဲ့အိမ်ကွင်း၊ ၂၁ ရက်မှာ အက်စတွန်ဗီလာနဲ့အဝေးကွင်းပွဲတွေကစားရမှာဖြစ်ပြီး အဲဒီပွဲတွေကို အမ်ဘူမိုနဲ့ဒီယာလိုတို့ လွဲချော်ဖို့ သေချာနေပါပြီ။
အာဖရိကနိုင်ငံများဖလား အုပ်စုတွင်းမှာ ကင်မရွန်းနဲ့အိုင်ဗရီကို့စ်တို့ တစ်အုပ်စုတည်းကျရောက်နေပြီး ၂ သင်းစလုံး အုပ်စုအဆင့်ကနေ ကျော်ဖြတ်ပြီးတော့ နောက်အဆင့်တွေတက်ရောက်နိုင်မယ်ဆိုရင် အမ်ဘူမိုနဲ့ဒီယာလိုတို့ဟာ လာမဲ့နှစ်၊ ဇန်နဝါရီလကုန်ခါနီးမှ ယူနိုက်တက်အတွက် ပြန်ကစားပေးနိုင်ဖို့ ရှိနေပါတယ်။