ဒီတပတ် ယူနိုက်တက်ကို ဧည့်ခံ ကစားရမှာ နည်းနည်းလန့်နေတဲ့ ဖောရက်စ် အသင်းခေါင်းဆောင်

လာမယ့် စနေနေ့မှာ မန်ချက်စတာ ယူနိုက်တက် နဲ့ ရင်ဆိုင်ရတော့မယ့် နော်တင်ဟမ် ဖောရက်စ် အသင်းခေါင်းဆောင် ဂစ်ဝှိုက်ကတော့ ပွဲမတိုင်ခင်ကတည်းက အမိုရင်ရဲ့ ယူနိုက်တက်တို့ နိုးထလာမှုကို ချီးကျူးသွားခဲ့ပါတယ်။

နည်းပြအပြောင်းအလဲတွေနဲ့ တိုင်ပတ်နေတဲ့ ဖောရက်စ်ကို အမိုရင်တို့အဖွဲ့က သက်ညှာပေးမှာ မဟုတ်ပဲ ယခုရာသီ ၄ ပွဲဆက် နိုင်ပွဲအဖြစ် ဖောရက်စ်ရဲ့ အိမ်ကွင်း The City Ground မှာ ရလဒ်ကောင်းတွေ ရယူသွားဖို့ ရှိနေပါတယ်။

ဂစ်ဝှိုက်က “ သူတို့အသင်းကို အခုလို မြင်နေရတာ အံ့အားသင့်စရာပါပဲ၊ အမှန်တိုင်း ပြောရရင် သူတို့အသင်းက ပြီးခဲ့တဲ့နှစ်တွေ တောက်လျှောက် အဆင်မပြေမှုတွေနဲ့ပဲ ရုန်းကန်နေခဲ့ရတာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ ၄ ၊ ၅ ပွဲမှာ သူတို့ ဘယ်လိုကန်ခဲ့သလဲဆိုတာ ခင်ဗျားတို့ ကောင်းကောင်းသိခဲ့ကြမှာပါပဲ၊ ပရီးမီးယားလိဂ်ရဲ့ ပျောက်ဆုံးနေတဲ့ ရသမျိုးကို သူတို့ပေးစွမ်းနေပါတယ်၊ ကျွန်တော်တို့ကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ပြင်ဆင် ကစားသွားကြရမှာပါ။

သူတို့ ဘယ်လို ကစားနေလဲဆိုတာ သွားပြီး အာရုံစိုက်နေရင် ကျွန်တော်တို့ ရှုံးသွားနိုင်ပါတယ်၊ ကျွန်တော် ကိုယ်လုပ်နိုင်တာကို လုပ်ပြီး နိုင်ပွဲရယူနိုင်ဖို့ပဲ ကြိုးစားသွားရမှာပါ။

ကျွန်တော်တို့ နည်းပြ ဘာတွေယူဆောင်လာပေးမလဲဆိုတာကိုပဲ ဆက်စောင့်ကြည့်ကြရမှာပေါ့ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ဝါရင့်နည်းပြ ဒိုက်ချီရဲ့ ကစားဟန်တွေက နဂိုကတည်းက ပရီးမီးယားလိဂ် ပရိသတ်တွေ ကောင်းကောင်း သိရှိထားကြပြီး ဖြစ်သလို နောက်ဆုံး ကစားခဲ့တဲ့ ဘုန်းမောက်ကို မနိုင်ခဲ့ပေမယ့် ပေါ်တိုလို ဉရောပ အသင်းကြီးတစ်သင်းကို ဖောရက်စ်တို့ ယူရိုပါလိဂ်မှာ ၂ ဂိုးပြတ် အနိုင်ကစားထားပါတယ်။