ယူရို သန်း ၆ဝ တန် ပစ်မှတ်၊ ဘာလိုဂန်၊ ဝိုက်နယ်ဒန်၊ အယ်နီနီတို့နဲ့ ယနေ့ည အာဆင်နယ် သတင်းများ

အာဆင်နယ်ဂိုးသမားဟောင်း ဒေးဗစ်ဆီးမန်းက အာဆင်နယ်အနေနဲ့ ဒီတစ်ပတ်ပွဲစဉ်မှာ ဆောက်သမ်တန်ကို အနိုင်ရဖို့ လိုအပ်တယ်လို့ ကြို သတိပေးလိုက်ပါတယ်။

အာဆင်နယ်ဟာ ဆောက်သမ်တန်ကို အနိုင်မရရင် ဖိအားတွေ စတင် ခံစားလာရမှာဖြစ်ပြီး ဆောက်သမ်တန် ဂိုးသမားသစ် ကာဘယ်လိုင်ရိုက ကာလတစ်ခုကြာ ပွဲမကစားခဲ့ရလို့ သူ့ကို ပစ်မှတ်ထားပြီး ခြိမ်းခြောက်မှုတွေ လုပ်သင့်တယ်လို့ပါ ဆီးမန်းက အကြံပေးစကား ဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ပီအက်စ်ဂျီကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထား ခဲ့ပါတယ်။ ဝိုက်နယ်ဒမ်အနေနဲ့ ပီအက်စ်ဂျီကိုပြောင်းရွှေ့ပြီးနောက် ရုန်းကန်ရနေရတာကြောင့် ဇန်နဝါရီမှာ အငှား ထွက်ကစားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အက်သလက်တီကိုအနေနဲ့ သူတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ယာအိုဖီလစ်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး ၎င်းကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်လည်းပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဖီလစ်ကို အာဆင်နယ်နဲ့အ ပြိုင် တခြား အင်္ဂလန် ကလပ်တွေကလည်း ခေါ်ယူလိုနေတာပါ။

အာဆင်နယ် ကွင်းလယ်လူ အယ်လ်နီနီကို ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်က ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေတာပါ။ နယူးကာဆယ်အနေနဲ့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့အတွက် ဇန်နဝါရီမှာ အားဖြည့်မှု တွေပြုလုပ်လိုနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အနေနဲ့ ဇန်နဝါရီမှာ အယ်လ်နီနီကို လက်လွှတ်လိုခြင်း မရှိကြောင်း သိရပါတယ်။

ဗီလာတိုက်စစ်မူှးဟောင်း အဘွန်လဟော်ကတော့ တီယာနေးနဲ့ တာဗာရက်စ်တို့အခြေအနေက နည်းပြအာတီတာကို ခေါင်းကိုက်စေမှာဖြစ်ကြောင်း၊ မိမိအနေနဲ့ တီယာနေးကို ကြိုက်နှစ်သက်မှု ရှိပေမဲ့ တာဗာရက်စ်ကလည်း ခြေစွမ်းနေကြောင်း၊ တာဗာရက်စ်က တိုက်စစ်လိုက်ပါမှုပိုင်း အားကောင်းပြီး တီယာနေးကတော့ အလွန်ကောင်းတဲ့ ဘယ်နောက်ခံလူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဟန်ဂေရီကြယ်ပွင့် ဆိုဘော့ဇလိုင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ဆိုဘော့ဇလိုင်း အနေနဲ့ ဆောဘတ်မှာ ရှိစဉ်ကတည်းက အာဆင်နယ်ဟာကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဆိုဘော့ဇလိုင်းရဲ့ ဈေးကွက် တန်ဖိုးက ယူရိုသန်း ၆၀ ရှိနေပြီး အာဆင်နယ်ကတော့ ယူရိုသန်း ၄၀ သာ ပေးချေလိုနေတာပါ။

အာဆင်နယ် အကယ်ဒမီ နည်းပြ မာတီဆပ်ကာက လူငယ်တိုက်စစ်မူှး ဘာလိုဂန်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ အငှားနဲ့ ထွက်ခွာဖွယ် ရှိနေတယ် ဆိုလိုက်ပြီး ဘာလိုဂန်ဟာ ကစားသမားဘ၀ နောက်တစ်ဆင့်တက်ဖို့ လိုအပ်နေကြောင်း ဆိုခဲ့ပါတယ်။

နယ်သာလန် ကွင်းလယ်လူဟောင်း ဗန်ဒါဘတ် ကတော့ ချဲလ်ဆီးတိုက်စစ်မူှး တီမိုဝါနာကို အာဆင်နယ် တိုက်စစ်မှူး ဟောင်း ဗန်ပါစီနဲ့ ခိုင်းနှိုင်းခဲ့မှုအပေါ် ဒေါသထွက်ခဲ့ပါတယ်။

ဇင်းနစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ သုံးသပ်မှု အစီအစဉ်မှာ တစ်ယောက်က ဝါနာကို ဗန်ပါစီနဲ့ ခိုင်းနှိုင်းချီးကျူးခဲ့တာပါ။ ဒီအခါ စတူဒီယိုထဲမှာ ရှိနေတဲ့ ဗန်ဒါဘတ် နောက် တစ်ခါ ဝါနာကို ဗန်ပါစီနဲ့ ခိုင်းနှိုင်းရင် ချက်ချင်း ထွက်သွားမယ်လို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။