၂၀၂၆ ကမ္ဘာ့ဖလားကြောင့် ဘဏ္ဍာရေး ထိခိုင်နစ်နာဖွယ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ မြောက်အမရိကတွင် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ဒေါ်လာ ၁၃ သန်းခန့် နစ်နာ ဆုံးရှံးလာဖို့ ရှိနေပါတယ်။

တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပရီးမီးယားလိဂ်ရာသီပြီးဆုံးပြီး ၁၈ ရက်အကြာ ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ကျင်းပလာမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းပွဲကစားပြီး ငွေရှာမယ့် အစီအစဉ်ကို လက်လျှော့ရမယ့် အခြေအနေမှာ ရှိနေပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ရာသီသိမ်း ခြေစမ်းပွဲခရီးစဉ်အဖြစ် မလေးရှား၊ ဟောင်ကောင်သို့ သွားရောက်ခဲ့ပြီး ယင်းအစီအစဉ်အတိုင်း လာမယ့်နှစ်မှာ လုပ်ဖို့ မျှော်လင့်ထားတာပါ။

ယူနိုက်တက်ဟာ ယင်းခရီးစဉ်ကြောင့် ဒေါ်လာ ၁၃ သန်းဝန်းကျင် ရရှိခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ ယခုနှစ်မှာတော့ မေလ ၂၄ ရက်နေ့မှ ကမ္ဘာ့ဖလားပြိုင်ပွဲ စပ်ကြားတွင် ခြေစမ်းပွဲကစားရေးအတွက် ခရီးသွားလာရေး၊ လေ့ကျင့်ရေး၊ ပြန်လည်အားပြည့်ရေး လုပ်ဆောင်ရန်အတွက် အချိန် အကန့်အသတ်ကြုံနေရပါတယ်။

ယင်းသို့ ခြေစမ်းပွဲကစားရေး စီစဉ်ရ ခက်ခဲနေမှုနှင့်အတူ ယူနိုက်တက်ဟာ ဘဏ္ဍာရေးပိုင်း ထိခိုက်လာစေမယ့်အပြင် ပရိသတ်များနှင့် ထိတွေ့ဆက်ဆံနိုင်မယ့် အခွင့်အရေးလည်း လက်လွှတ်ရမယ့် အခြေအနေမှာ ရှိပါတယ်။

နွေရာသီခရီးစဉ်များက ကလပ်များအတွက် ကြံ့ခိုင်ရေးအတွက်သာမက ဘဏ္ဍာရေးပိုင်းအတွက်လည်း အရေးပါလာပါတယ်။ အထူးသဖြင့် ယခုရာသီတွင် ဥရောပဝင်ခွင့် မရထားတဲ့ ယူနိုက်တက်အတွက် ခြေစမ်းပွဲကစားပြီး ငွေရှာမှုက ကလပ်ဘဏ္ဍာရေးကို တဖက်တလမ်းမှ အသက်ရှူချောင်လာစေပါတယ်။

ယူနိုက်တက်တာဝန်ရှိသူများဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်းတွင် ကမ္ဘာ့ဖလားကြောင့် အမေရိကန် တွင် ဘောလုံးအပေါ် လူစိတ်ဝင်စားမှု မြင့်မားလာနိုင်မှုအပေါ် ဆန်းစစ်မှု ပြုလုပ်ခဲ့ကြပေမယ့်လည်း အရှေ့အလယ်ပိုင်း (သို့မဟုတ်) အခြားဒေသများသို့ သွားရောက်ပြီး ခြေစမ်းပွဲကစားရန်လည်း ထည့်သွင်းစဉ်းစားနေပါတယ်။

တဖက်တွင် ယူနိုက်တက်ဟာ ဥရောပဝင်ခွင့် မရရှိမှုကြောင့် နစ်နာလာတဲ့ ငွေကြေးများအား ကြားရက်တွင် အရှေ့အလယ်ပိုင်းဒေသမှာ ခြေစမ်းပွဲကစားပြီး ငွေကြေးဖြည့်တင်းရန် စီစဉ်နေပါတယ်။