မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ရှိ အခြေအနေကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ စီရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား စီရော်နယ်လ်ဒိုဟာ သူ့အသင်းဟောင်းရဲ့လက်ရှိအခြေအနေနဲ့ကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေပါတယ်။

ယူနိုက်တက်မှာ ဒုတိယအကြိမ်မြောက်ကစားခဲ့တဲ့ ကာလအတွင်း စီရော်နယ်လ်ဒိုဟာ အဲရစ်တန်ဟက်နဲ့ ပြဿနာတက်ခဲ့သလို ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးကြောင့် ၂၀၂၂ ခုနှစ်မှာ ယူနိုက်တက်နဲ့လမ်းခွဲပြီးတော့ အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

စီရော်နယ်လ်ဒို မရှိတော့တဲ့နောက်ပိုင်းမှာလည်း ယူနိုက်တက်တို့ ရုန်းကန်နေရဆဲဖြစ်ပြီး မနှစ်ကဆိုရင် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စံချိန်မှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့ရပါတယ်။

ယူနိုက်တက်နဲ့ခါးသီးတဲ့ အမှတ်တရတွေရှိခဲ့ပေမဲ့လည်း စီရော်နယ်လ်ဒိုဟာ သူ့အသင်းဟောင်းအပေါ် နက်နက်ရှိုင်းရှိုင်း သံယောဇဉ်ရှိနေဆဲဖြစ်ပြီး ယူနိုက်တက်အသင်းဟာ တစ်ချိန်ကလို အဆင့်အတန်းမျိုး ပြန်ရောက်ဖို့ စနစ်ကျတဲ့ဖွဲ့စည်းတည်ဆောက်ပုံ အားနည်းတယ်လို့ သုံးသပ်ခဲ့ပါတယ်။

အခု ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ စီရော်နယ်လ်ဒိုက “ယူနိုက်တက်အသင်းဟာ ကမ္ဘာပေါ်မှာ အကြီးကျယ် အခမ်းနားဆုံး ကလပ်အသင်း တစ်သင်းဖြစ်သလို ကျွန်တော့် နှလုံးသားထဲမှာလည်း အခုအထိရှိနေဆဲဖြစ်တာကြောင့် အသင်းကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရပါတယ် . . .”

“လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းဟာ စနစ်ကျတဲ့ ဖွဲ့စည်းတည်ဆောက်မှု မရှိပါဘူး။ အနာဂတ်မှာ အပြောင်းအလဲတွေဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိနည်းပြအမော်ရင်နဲ့ပတ်သက်ပြီး စီရော်နယ်လ်ဒိုက “အမော်ရင်ဟာ သူ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေတာပါ။ သူက နောက်ထပ် ဘာတွေများ ထပ်လုပ်ပြရဦးမှာလဲ . . .မယုံနိုင်လောက်အောင် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှု (Miracle)ကို ရယူရမှာလား . . ”

“အဲဒီလိုလုပ်ဖို့က မဖြစ်နိုင်သလို အမော်ရင်ကလည်း မဖြစ်နိုင်လောက်တဲ့ အောင်မြင်မှုတွေ လုပ်ပြနိုင်မှာ မဟုတ်ပါဘူး။ ယူနိုက်တက်အသင်းမှာ ကစားသမားကောင်းတွေရှိပေမဲ့ တချို့က ယူနိုက်တက်ကစားသမား စိတ်ဓာတ်မျိုး မရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။