အားထုတ်မှု မရှိတော့ဘဲ အပါးခိုနေတာကြောင့် အသင်းအစည်းအဝေးမှာ အမော်ရင် ဆူတာ ခံရတဲ့ ယူနိုက်တက် အသင်းသား

မန်ချက်စတာယူနိုက်တက်နည်းပြ အမော်ရင်ဟာ အသင်းအစည်းအဝေးမှာ ကွင်းလယ်လူ အူဂါတေကို ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

အမော်ရင်ဟာ သူ့ကစားသမားတွေကို အလိုမလိုက်ဘဲ တင်းတင်းကြပ်ကြပ် ကိုင်တွယ်လေ့ရှိသူဖြစ်ပြီး နာမည်ကျော်တွေဖြစ်ကြတဲ့ ရပ်ရှ်ဖို့ဒ်၊ ဆန်ချို၊ ဂါနာချို၊ အန်တိုနီတို့ကို အကုန်ရှင်းထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလတုန်းက စပါးအသင်းနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီး အသင်းအစည်းအဝေးမှာ အမော်ရင်က ဂါနာချိုကို အသင်းမှာ သူ့အတွက် အနာဂတ်မရှိတော့ဘူးလို့ ပေါ်ပေါ်တင်တင်ပြောဆိုခဲ့ဖူးပါတယ်။

အခုလည်း အူဂါတေဟာ ဂါနာချိုလို ဖြစ်ရပ်မျိုးနဲ့ရင်ဆိုင်ခဲ့ရပြီး အမော်ရင် ဆူပူတာကို ခံခဲ့ရပြီဖြစ်ပါတယ်။

အမော်ရင်နဲ့အူဂါတေတို့ဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အထိ လက်တွဲခဲ့ဖူးခဲ့ပါသေးတယ်။

လက်ရှိမှာ အူဂါတေက ယူနိုက်တက်အသင်းမှာ အရင်လောက် အလုပ်ကြိုးစားစိတ် မရှိတော့ဘဲ သက်သက် သာသာပဲ နေတာကြောင့် အမော်ရင်က ဝေဖန်ပြစ်တင်ခဲ့တာဖြစ်တယ်လို့ နာမည်ကျော် The Athletic ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။

အူဂါတေဟာ နည်းပြဟောင်း အဲရစ်တန်ဟက်လက်ထက် ပြီးခဲ့တဲ့ရာသီအစက PSG ကနေ ယူနိုက်တက်ကို ယူရိုသန်း ၆၀ နဲ့ ရောက်ရှိခဲ့ပြီး အခုအချိန်အထိ ပုံမှန်ခြေစွမ်း မပြသနိုင်သေးပါဘူး။

ဒါ့အပြင် ဒီရာသီမှာလည်း အမော်ရင်က ဘရူနိုဖာနန်ဒက်စ်၊ ကတ်စ်မဲရိုးတို့ကို ဦးစားပေးအသုံးပြုနေပြီး အူဂါတေဟာ ပရီးမီးယားလိဂ်မှာ ၂ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။