ဒေါ့မွန် တိုက်စစ်ကြယ်ပွင့် ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းက ဒေ့ါမွန်နဲ့ အဒီယီမီတို့ရဲ့အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဂျာမန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဒေါ့မွန်အသင်း ကြယ်ပွင့်တိုက်စစ်ကစားသမား အဒီယီမီဟာ အသင်းမှာ ဆက်ရှိဖို့ မသေမချာဖြစ်နေတာပါ။
အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်သူ အဒီယီမီဟာ ကွင်းတွင်း၊ ကွင်းပြင်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး စက်တင်ဘာကုန်ခါနီးနောက်ပိုင်းကတည်းက သွင်းဂိုး၊ ဂိုးဖန်တီးမှု မလုပ်နိုင်သလို နည်းပြဖြစ်သူ ကိုဗက်နဲ့လည်း ဆက်ဆံရေး အဆင်မပြေဖြစ်နေပါတယ်။
အောက်တိုဘာ ၂၅ ရက်တုန်းက ကိုလုံံးကို ၁-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ အဒီယီမီဟာ လူစားလဲခံခဲ့ရပြီးတဲ့နောက် ဒေါသပေါက်ကွဲပြီးတော့ အရန်ခုံတန်းကို ရေဘူးနဲ့ပစ်ပေါက်ခဲ့ပါတယ်။
အဲဒီလုပ်ရပ်အတွက် ကိုဗက်က လူသိရှင်ကြားဝေဖန်ခဲ့ပြီး “အဲဒီလိုလုပ်ဖို့ မလိုအပ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ တစ်ခါတလေ ဒီလို ဒေါသပေါက်ကွဲတာမျိုးဖြစ်တတ်တာ လက်ခံပေးလို့ရပေမဲ့ ဒါက မလိုအပ်တဲ့လုပ်ရပ်ပါ။ အဒီယီမီဟာ လူကြီးတစ်ယောက်ဖြစ်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။
အဲဒီနောက် ဟမ်းဘတ်နဲ့ ၁-၁ ဂိုးစီ သရေကျတဲ့ပွဲမှာလည်း အဒီယီမီရဲ့ ဆုံးဖြတ်ချက်အမှားတွေအပေါ် ကိုဗက်က သဘောမကျဖြစ်ခဲ့ပြီး ၆၆ မိနစ်မှာ လူစားလဲခဲ့ပါတယ်။
အဒီယီမီရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်အထိ ကျန်ရှိနေပြီး ပေါင်သန်း ၇၀ တန်ကြေးရှိတဲ့ လျော်ကြေးပမာဏနဲ့ နှစ်ရှည်စာချုပ်သက်တမ်းတိုးဖို့ တောင်းဆိုထားပါတယ်။
ဒေါ့မွန်အသင်းဟာ ကစားသမားတွေရဲ့စာချုပ်ထဲမှာ စာချုပ်လျော်ကြေး သတ်မှတ်ချက် ထည့်သွင်းလေ့ မရှိပေမဲ့ အဒီယီမီကိုတော့ ချွင်းချက်အနေနဲ့ စာချုပ်လျော်ကြေး သတ်မှတ်သွားဖို့ရှိတယ်လို့ ဂျာမန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ယူနိုက်တက်အသင်းဟာ အဒီယီမီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး အဒီယီမီကလည်း ယူနိုက်တက်အသင်းနဲ့ ဆက်ဆံရေးကောင်းတွေရှိတဲ့ နာမည်ကျော်အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်နဲ့ မကြာသေးခင်ကမှ လက်တွဲခဲ့ပါတယ်။
ဂျော့ချ်မန်ဒက်စ်ဟာ ယော်ရို၊ အူဂါတေတို့ကို ယူနိုက်တက်အသင်းဆီ ရောက်ရှိအောင် ဆောင်ရွက်ပေးခဲ့တာကြောင့် အဒီယီမီကို ခေါ်ယူနိုင်ဖို ယူနိုက်တက်တို့ မျှော်လင့်ချက်ရှိနေပါပြီ။