ဟာလန်း ရွေးမယ့် ၄သင်း၊ ပေါ့ဘာနဲ့ ရန်းနစ်၊ ဘာစီလိုနာ အရောင်းစာရင်းနဲ့ ယနေ့ နံနက်ခင်း သတင်းများ

ချဲလ်ဆီးအနေနဲ့ နောက်ခံလူ ရူဒီဂါရဲ့ နေရာမှာ အစားထိုးဖို့အတွက် လက်စတာနောက်ခံလူ ဖိုဖာနာကို ပစ်မှတ်ထား နေပါတယ်။ ဖိုဖာနာဟာ ပြီးခဲ့တဲ့ ရာသီကြိုတုန်းက ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ဒီတစ်ရာသီလုံးကို လွဲချော်နေရသူ ဖြစ်ပြီး ချဲလ်ဆီးက စိတ်ဝင်စားလျက် ရှိနေတာပါ။

လီဗာပူးဟာ အနာဂတ် အပြောင်းအရွှေ့ပစ်မှတ်အနေနဲ့ ဝက်စ်ဟမ်း တိုက်စစ်ကြယ်ပွင့် ဘိုဝင်နဲ့ လိဒ်စ်ယူနိုက်တက် တိုက်စစ်သမား ရာဖင်ဟာတို့ကို စောင့်ကြည့်နေပါတယ်။

စူပါအေးဂျင့် ရွိုင်အိုလာကတော့ ဒေါ့မွန် တိုက်စစ်မူှး ဟာလန်း နောက်နှစ် နွေမှာ ပြောင်းရွှေ့နိုင်တဲ့အသင်း ၄ သင်းကို ဖွင့်ဟခဲ့ပါတယ်။ ဟာလန်းဟာ ဘိုင်ယန်။ ရီးရဲ၊ ဘာစီလိုနာနဲ့ မန်စီးတီးတို့ထံ ပြောင်းနိုင်ကြောင်း ရွိုင်အိုလာက ဆိုခဲ့တာပါ။

မန်ယူနည်းပြ ရန်းနစ်က တကယ်လို့ ပေါ့ဘာအနေနဲ့ မန်ယူကနေ ထွက်ခွာချင်တယ်ဆိုရင် တားဆီးဖို့ ကြိုးပမ်းသွားမှာ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ပြင်သစ်သား ခံစစ်မှူး ဗာရန်းဟာ သောကြာနေ့မှာ လေ့ကျင့်ရေး အပြည့် ပြန်ဆင်းတော့မှာ ဖြစ်ခြင်းက ယူနိုက်တက်အတွက် အားတက်စရာတစ်ခု ဖြစ်စေခဲ့ပါတယ်။

နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို လီဗာပူးနောက်ခံလူ အာနိုးလ်က ရရှိခဲ့ပါတယ်။ အာနိုးလ်ဟာ နိုဝင်ဘာလအတွင်း ပရီးမီးယားလိဂ် ၃ ပွဲကစားခဲ့ရာမှာ ၁ ဂိုးသွင်းပြီးဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ခဲ့တာပါ။

နိုဝင်ဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာဆုကိုတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရရှိခဲ့ပါတယ်။ မန်စီးတီးဟာ နိုဝင်ဘာလအတွင်း ကစားခဲ့တဲ့ ပွဲစဉ်တွေ အားလုံးကို အနိုင်ရရှိခဲ့ပြီး အခုဆိုရင် ဂွါဒီယိုလာဟာ ထိုအကောင်းဆုံးဆုကို ၁၀ ကြိမ် အထိ ရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်ဟာ ဒီအပတ် ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ် ရှိနေကြောင်း သိရပါတယ်။

ဘာစီလိုနာဟာ သူတို့ရဲ့ အရောင်းစာရင်းထဲမှာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်၊ ဂိုးသမား တာစတီဂျန်နဲ့ နောက်ခံလူ ဆာဂျီနိုဒက်စ်တို့ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

အန်တိုနီယို ရူဒီဂါဟာ နောက်နွေရာသီမှာ အလွတ်စာချုပ်ဖြင့် ချဲလ်ဆီးကနေ ထွက်ခွာသွားရင် ကလပ်အသစ်မှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းအထိ တောင်းယူပြီး ကမ္ဘာ့လစာအမြင့်ဆုံး နောက်ခံလူတစ်ယောက် ဖြစ်သွားဖို့ ရှိပါတယ်။