အူဂါတေ ကို အရောင်းစာရင်းတင်ပြီး အစားထိုးဖို့ ကစားသမား ၄ ဦး စောင့်ကြည့်နေတဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် မတိုင်ခင်မှာ ရုန်းကန်နေရတဲ့ ပေါင်သန်း ၅၀ တန် ကွင်းလယ်ကစားသမား မန်နူရယ် အူဂါတေကို အရောင်းစာရင်းထဲ ထည့်လိုက်ပြီလို့ သိရပါတယ်။

ဥရုဂွေးကွင်းလယ်ကစားသမားဟာ ဒီရာသီမှာ ပွဲကစားချိန်ရဖို့ ရုန်းကန်ခဲ့ရပြီး နည်းပြ အမိုရင်လက်အောက်မှာ ပရီးမီးယားလိဂ် ၂ ပွဲသာ ပွဲထွက်ပါဝင်ကစားပေးရသေးတာဖြစ်ပါတယ်။

မန်ယူနိုက်တက်က အူဂါတေအတွက် ပီအက်စ်ဂျီအသင်းကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၂.၂ သန်းပေးချေခဲ့ရပြီး ထပ်ဆောင်းပေးချေမှုတွေနဲ့ဆိုရင် ပေါင် ၅၀.၇ သန်းအထိ မြင့်တက်သွားနိုင်တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ သရဲနီတွေက လာမယ့်လမှာ ကော်ဘီ မိန်းနူး၊ ဂျိုရွှာ ဇာ့ဇ်ဇီး၊ မာလာစီယာတို့နဲ့အတူ အူဂါတေအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အသင်းက လူပိုတွေကို ရောင်းထုတ်ပြီးတော့ လာမယ့်လမှာ အဓိကကွင်းလယ်ပစ်မှတ်ကို ခေါ်ယူဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒီအတွက် သရဲနီတွေက‌ ဖောရက်စ်ကြယ်ပွင့် အဲလီးယော့တ် အန်ဒါဆန်၊ ပဲလေ့စ်ကြယ်ပွင့် ဝှါတန်၊ ဘရိုက်တန်ကြယ်ပွင့် ဘလီဘာနဲ့ စတုဂတ်ကြယ်ပွင့် အန်ဂျလို စတေလာတို့ကို စောင့်ကြည့်နေတာဖြစ်ပါတယ်။