မိန်နိုး ကိစ္စက သူ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ လို့ အသိပေးလိုက်တဲ့ ယူနိုက်တက် နည်းပြ အမိုရင်
မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အမိုရင်ကတော့ ကွင်းလယ်လူ မိန်နိုးကို ပွဲထွက်ခွင့် မပေးရခြင်းက မိမိရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကြောင့်သာ ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိရာသီ မိန်နိုးကို ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ပေးဖို့က အမိုရင်အတွက် အတော်လေး ခက်ခဲနေဆဲ ဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း အဆိုပါ အနေအထားကြောင့် အသင်းမှ ထွက်ဖို့ ပြင်ဆင်နေပါတယ်။
အဂ်လန်အသင်းအတွက် ပါဝင်ကစားပေးလိုနေတဲ့ ကစားသမားရဲ့ ဆန္ဒကြောင့် အမိုရင် အနေနဲ့ ပုံမှန်ပွဲထွက်ခွင့် မပေးနိုင်ပါက လာမယ့်ဆောင်းမှာတင် ကစားသမားကို အသင်းမှ ထွက်ခွါခွင့် ပေးရနိုင်ပါတယ်။
အမိုရင်က ” ခင်ဗျားတို့ ဘာတွေပြောချင်နေသလဲဆိုတာ ကျွန်တော်သိပါတယ်၊ ခင်ဗျားတို့ မိန်နိုးကို ချစ်တာလည်း သိပါတယ်၊ သူ အဂ်လန်အတွက် ပွဲထွက်ခွင့် ရလိုနေပါတယ်။
ဒါပေမယ့် သူ့ကို ပွဲထွက်စာရင်းထဲ ထည့်သွင်းဖို့ဆိုတာက ပရိသတ်တွေရဲ့ ဆန္ဒ သဘောထားအပေါ် မမူတည်ပါဘူး၊ မိန်နိုးကို ပွဲထွက်ခွင့် မပေးဘူးဆိုပြီး ဆုံးဖြတ်လိုက်ရင်လည်း ဒါက ကျွန်တော့် ဆုံးဖြတ်ချက်ပါပဲ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။
မိန်နိုးဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဖော်ဟောင်း တိုမီနေးရဲ့ လမ်းစဉ်အတိုင်း နာပိုလီ အသင်းထံ ပြောင်းရွှေ့ဖို့ အတော်လေး သတင်းထွက်နေပြီး အူဂတ်တီတို့လို ကစားသမားသစ်တွေလည်း အသင်းမှ ထွက်ဖို့ သတင်းထွက်နေပါတယ်။