FA ဖလား တတိယအဆင့်မှာ ပွဲကြပ်ကစားရမဲ့ မန်ချက်စတာ ယူနိုက်တက်

FA ဖလား တတိယအဆင့်အတွက် ပွဲစဉ်တွေထွက်ပေါ်လာပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရိုက်တန်နဲ့ အိမ်ကွင်းမှာ ပွဲကြပ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ နည်းပြဟောင်း အဲရစ်တန်ဟက်လက်ထက်တုန်းက ၂၀၂၃ ခုနှစ်မှာ FA ဖလားချန်ပီယံဖြစ်ခဲ့ပြီး အမော်ရင်ကလည်း ယူနိုက်တက်နည်းပြဘ၀ ပထမဆုံးဆုဖလားအောင်မြင်မှုအဖြစ် FA ဖလား ဆွတ်ခူးနိုင်အောင် ကြိုးစားရမှာပါ။

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ဥရောပပြိုင်ပွဲတစ်ခုမှ ကစားခွင့် မရဘဲ လိဂ်ဖလားပြိုင်ပွဲမှာလည်း တတိယအဆင့်မှာ League Two ကလပ် ဂရင်းစဘီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ စောစောစီးစီးပဲ ထွက်ခဲ့ရပါတယ်။

အဲဒါကြောင့် ယူနိုက်တက်အတွက် ဆုဖလားမျှော်လင့်ချက်ဆိုလို့ FA ဖလားတစ်လုံးသာ ကျန်ရှိတော့ပြီး တတိယအဆင့်မှာပဲ ဘရိုက်တန်နဲ့ ပွဲကျပ် ဆုံတွေ့နေတာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ဘရိုက်တန်တို့ဟာ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက ပရီးမီးယားလိဂ်ပွဲအဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ ဆုံတွေ့ခဲ့ပြီး ယူနိုက်တက်အသင်းက အသည်းအသန်ကစားပြီးမှ ၄-၂ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

အဲဒီပွဲမှာ ယူနိုက်တက်တို့ အနိုင်ရခဲ့ပေမဲ့လည်း ဘရိုက်တန်နဲ့ဆုံတွေ့ခဲ့တဲ့ နောက်ဆုံး ၉ ပွဲမှာ ယူနိုက်တက်အသင်း ၆ ပွဲအထိ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

FA ဖလား တတိယအဆင့်မှာ ပရီးမီးယားလိဂ်ကလပ်အချင်းချင်း ဆုံတွေ့တာ ၄ ပွဲ ပါဝင်ခဲ့ပြီး ယူနိုက်တက်နဲ့ဘရိုက်တန်ပွဲအပြင် စပါးနဲ့အက်စတွန်ဗီလာ၊ နယူးကာဆယ်နဲ့ဘုန်းမောက်၊ အဲဗာတန်နဲ့ဆန်းဒါးလန်းတို့ ထိပ်တိုက်တွေ့နေပါတယ်။

ပြီးခဲ့တဲ့ရာသီ ဗိုလ်လုပွဲတုန်းက မန်စီးတီးကို အံ့အားသင့်စရာ အနိုင်ယူပြီးတော့ ပထမဆုံးအကြိမ် FA ဖလားရယူနိုင်ခဲ့တဲ့ လက်ရှိချန်ပီယံ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ National League ကလပ် မက္ကလက်ဖီးနဲ့ဆုံတွေ့ရမှာဖြစ်ပြီး မန်စီးတီးကတော့ League One ကလပ် အိတ်စ်တာစီးတီးကို အိမ်ကွင်းပွဲ လက်ခံကစားရမှာပါ။

FA ဖလားကို ၁၄ ကြိမ်အထိရယူပြီး အောင်မြင်မှုအများဆုံးဖြစ်နေတဲ့ အာဆင်နယ်အသင်းဟာ ချန်ပီယံဟောင်း ပို့စ်မောက်နဲ့ အဝေးကွင်းပွဲ သွားရောက်ကစားရမှာဖြစ်သလို လီဗာပူးလ်က League One ကလပ် ဘန်စလေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ချယ်လ်ဆီးကတော့ လန်ဒန်မြို့ခံကလပ်အသင်းဖြစ်တဲ့ လိဂ်ချန်ပီယံရှစ်က ချာလ်တန်နဲ့အဝေးကွင်းပွဲ သွားရောက်ကစားရမှာပါ။