အရှိန်ကောင်း ရနေတဲ့ ဗီလာကို အဝေးကွင်းမှာ ယူနိုက်တက် နိုင်ခြေ အရမ်းနည်းတယ် ဆိုတဲ့ Opta ရဲ့ ခန့်မှန်း
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနေတဲ့ အက်စတွန်ဗီလာအသင်းဟာ ကို ဗီလာပါ့ခ်မှာ သွားရောက် ရင်ဆိုင် ကစားသွားမှာဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ၁၉၁၄ ဇန်နဝါရီကနေ မတ်လအတွင်း ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက်အနိုင်ရပြီးနောက်ပိုင်း အကောင်းဆုံးစွမ်းဆောင်ရည်အဖြစ် ပြိုင်ပွဲစုံ ၉ ပွဲဆက်တိုက်အနိုင်ရခဲ့ပါတယ်။
ဒါ့အပြင် အက်စတွန်ဗီလာအသင်းဟာ အိမ်ကွင်း ၉ ပွဲဆက်တိုက်အနိုင်ရခဲ့တာကြောင့် ၂၀၂၃ မတ်လကနေ စက်တင်ဘာတုန်းက အိမ်ကွင်း ၁၀ ပွဲဆက်အနိုင်ရတဲ့ မှတ်တမ်းကောင်းကို ပြန်လည်ပိုင်ဆိုင်ဖို့ ၁ ပွဲသာ လိုပါတော့တယ်။
တကယ်လို့ ဒီညပွဲမှာသာ အနိုင်ရမယ်ဆိုရင် အူနိုင်းအမ်မရီဟာ ဂန္ထဝင်နည်းပြကြီး ဂျော့ချ်ရမ်ဆေး(၁၈၈၈ မှ ၁၉၀၅ ၊ ၅ ကြိမ်)ပြီးရင် အိမ်ကွင်း ၁၀ ပွဲဆက် အနိုင်ရတဲ့ မှတ်တမ်းကို ၂ ကြိမ်ရယူနိုင်တဲ့ အက်စတွန်ဗီလာနည်းပြဖြစ်လာမှာပါ။
ယူနိုက်တက်အသင်းကတော့ အဓိကကွင်းလယ်လူ ကတ်စ်မဲရိုး ပွဲပယ်ပြစ်ဒဏ်ကြောင့် အခုပွဲကို လွဲချော်မှာဖြစ်သလို အမ်ဘူမို၊ ဒီယာလို၊ မက်ဇ်ယောင်အီတို့ကလည်း အာဖရိကနိုင်ငံများပြိုင်ပွဲ ဆင်နွှဲရမှာဖြစ်လို့ အသင်းအတွက် ၁ လနီးပါး ကစားနိုင်မှာ မဟုတ်ပါဘူး။
အဲဒါကြောင့် ယူနိုက်တက်တိုက်စစ်မှာ ကူညာကို ပိုအားကိုးရဖို့ရှိနေပြီး ကူညာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ပွဲပျမ်းမျှ progressive carry အဖြစ် ၁၂.၁ မီတာပြုလုပ်ခဲ့တာကြောင့် ယူနိုက်တက်ကစားသမားတွေထဲမှာ စွမ်းဆောင်ရည် မှတ်တမ်းအကောင်းဆုံးဖြစ်နေပါတယ်။
အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ အခုပွဲမှာ ဂိုးဖန်တီးမှုပြုလုပ်နိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်အဝေးကွင်း ၆ ပွဲဆက်တိုက် ဂိုးဖန်တီးမှုပြုလုပ်နိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်မှာပါ။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာကို ၄၁ ပွဲအနိုင်ရခဲ့ပြီး အဲဒီထဲက ၁၈ ပွဲဟာ ဗီလာပါ့ခ်မှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ယူနိုက်တက်နဲ့ဆုံတွေ့ခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်း နောက်ဆုံး ၂၆ ပွဲမှာ အူနိုင်းအမ်မရီရဲ့ ပွဲဦးထွက်ဖြစ်တဲ့ ၂၀၂၂ နိုဝင်ဘာလတုန်းက ၃-၁ ဂိုးနဲ့တစ်ပွဲသာ အနိုင်ရခဲ့ပြီး ၉ ပွဲသရေ၊ ၁၆ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဝေးကွင်း ၂ ပွဲဆက်တိုက် အနိုင်ရခဲ့သလို နောက်ဆုံး ၅ ပွဲမှာလည်း ရှုံးပွဲမရှိခဲ့ပါဘူး။
လူမစုံတဲ့ ယူနိုက်တက်အသင်း ဗီလာပါ့ခ်မှာ နိုင်ပွဲရယူသွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး နာမည်ကျော် Opta ကတော့ အက်စတွန်ဗီလာအသင်းကို အနိုင်ရနိုင်ခြေအဖြစ် ၅၇.၂ % အထိ သတ်မှတ်ပေးခဲ့ပေမဲ့ ယူနိုက်တက်ကိုတော့ ၂၀.၆ % သာ သတ်မှတ်ခဲ့ပါတယ်။