ဗလာဟိုဗစ်အတွက် ဈေးတိုး ကမ်းလှမ်းခြင်း၊ ရိုဝီ၊ အူဘာ အခြေအနေနဲ့ ယနေ့ည အာဆင်နယ် သတင်းများ
အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်အနေနဲ့ ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ် ရှိနေကြောင်း သိရပါတယ်။ အစပိုင်းက အာဆင်နယ်အနေနဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ အူဘာကိုပြန်ထည့်ဖို့ စီစဉ်ထားခဲ့ပေမဲ့ သောကြာနေ့က လေ့ကျင့်ခန်းအ စီအစဉ်ကို ပျက်ကွက်ခဲ့ပြီးနောက် အဲဒီပွဲကို လွဲမှာဖြစ်ပါတယ်။
ဒီနေ့ စနေနေ့မှာ ယှဉ်ပြိုင်မဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်အနေနဲ့ ဆောက်သမ်တန်ကို ၁-၀ ဂိုးရလဒ်နဲ့ အနိုင် ရမှာဖြစ်တယ်လို့ မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ခန့်မှန်းလိုက်ပြီး အာဆင်နယ်အနေနဲ့ လမ်းကြောင်း မှန်ပေါ် ပြန်တက်လှမ်းနိုင်မယ်လို့ သုံးသပ်ခဲ့ပါတယ်။
လိဂ်ချန်ပီယံရှစ် ကလပ် မီလ်ဝေါနည်းပြ ရိုဝက်က အာဆင်နယ် လူငယ်တိုက်စစ်မူှး ဘာလိုဂန်ကို ခေါ်ယူမယ်လို့ သတင်း တွေ ထွက်ပေါ်နေမှုနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေကို အမြဲ ရှာဖွေ နေတာကြောင့် ကောလာဟလကတော့ အမြဲတမ်း ထွက်ပေါ်တတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

တိုက်စစ်မှူး အူဘာမီယန်ကို ရောင်းချလိုက်ဖို့ တိုက်တွန်းမှုတွေနဲ့ ပတ်သက်ပြီး အာဆင်နယ်နည်းပြ အာတီတာက သူတို့အနေနဲ့ ဒီလိုကိစ္စရပ်မျိုးကို လုံး၀ မဆွေးနွေးဖူးကြောင်း၊ ကစားသမားတွေ ခြေစွမ်း ကျဆင်းနေတဲ့အခါ ထောက်ပံ့မှု ပေးရမှာဖြစ်ကြောင်း၊ သူနဲ့ အူဘာမီယန်တို့အကြား ဆက်ဆံရေးက ကောင်းမွန်လျက်ရှိကြောင်း ဆိုခဲ့ပါတယ်။
အာဆင်နယ် ကွင်းလယ်လူ အယ်လ်နီနီကို ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်က ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ နယူးကာဆယ်အနေနဲ့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့အတွက် ဇန်နဝါရီမှာ အားဖြည့်မှုတွေ လုပ်လိုနေတာ ဖြစ်ပေမဲ့ အာဆင်နယ်အနေနဲ့ ဇန်နဝါရီမှာ အယ်လ်နီနီကို လက်လွှတ်လိုခြင်း မရှိကြောင်း သိရပါတယ်။
အဲဗာတန်နဲ့ပွဲကို လွဲချော်ခဲ့တဲ့ အာဆင်နယ် ကွင်းလယ်ကြယ်ပွင့် စမစ်ရိုဝီရဲ့ အခြေအနေဟာ များစွာ တိုးတက် ကောင်းမွန်လာတယ်လို့ နည်းပြ အာတီတာက ဆိုခဲ့ပြီး ရိုဝီ ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်ရကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပစ်မှတ်ထားနေတဲ့ ဖီအိုတိုက်စစ်မှူး ဗလာဟိုဗစ်အတွက် ခေါ်ယူနိုင်ဖို့ အာရုံစိုက် ကြိုးပမ်းနေတာပါ။ အာဆင်နယ်အနေနဲ့ ဗလာဟိုဗစ်အတွက် ယူရိုသန်း ၈၀ အထိ တိုးမြှင့်ကမ်းလှမ်းထားကြောင်း သိရပါတယ်။
အာဆင်နယ်ကွင်းလယ်လူ မစ်လန်းနိုင်းလ်က အသင်းမှာ သူ့ရဲ့ အခြေအနေကို စိတ်ပျက်လျက်ရှိနေပြီး ဇန်နဝါရီမှာ အသင်း ပြောင်းလို နေကြောင်း သိရပါတယ်။ အသင်းက သူ့ကို မျှော်လင့်ချက်အမှားတွေ ပေးခဲ့တယ်လို့ မစ်လန်းနိုင်းလ် တစ်ယောက် ခံစားနေရကြောင်း ဒေးလီးမေးလ် က ဖော်ပြထားပါတယ်။