မန်ယူကနေ ထွက်လိုနေတဲ့ အသင်းသားနှစ်ဦးကို မနေချင်ရင် ထွက်သွားကြလို့ ရန်းဂ်နစ် သတိပေး
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နည်းပြသစ် ရန်းဂ်နစ်လက်ထက်မှာပဲ ကလပ်နဲ့ အနာဂတ် မသေချာဖြစ်နေတဲ့ ကစားသမားနှစ်ဦးကို ဆက်ဆွဲမထားဘဲ ထွက်ခွင့်ပေးဖို့ စဉ်းစားလာခဲ့ပါပြီ။
ယူနိုက်တက်ရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ အန်သိုနီ မာရှယ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေကြောင်း သူ့ရဲ့ အေးဂျင့်ဖြစ်သူ လန်ဘော်လေက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
လန်ဘော်လေက “အန်သိုနီက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာချင်နေပါတယ်။ သူက ပုံမှန် ပွဲထွက်ခွင့် လိုချင်တယ်။ ဒါကြောင့် သူက အသင်းကနေ ထွက်ခွာချင်နေတာ ဖြစ်ပြီး မကြာခင်မှာ ကျွန်တော်နဲ့ အသင်းရဲ့ တာဝန်ရှိသူတွေ ဒီကိစ္စ အတွက် ဆွေးနွေးကြမှာပါ” လို့ ပြောကြားခဲ့တာပါ။

နည်းပြသစ် ရန်းဂ်နစ်ကတော့ အသင်းမှာ ဆက်နေဖို့ မလိုလားတဲ့ ကစားသမားတွေကို ဆက်ဆွဲထားဖို့ ကြိုးစားမှာ မဟုတ်ဘဲ ကလပ်နဲ့ စာချုပ်ကုန်တော့မယ့် ပေါ့ဘာကိုတောင် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရင် မတားဘူးလို့ ခပ်ပြတ်ပြတ်ပဲ ပြောဆိုသွားပါတယ်။
ဒီကစားသမားတွေနဲ့ ပတ်သက်ပြီး ရန်းဂ်နစ်က “ကျွန်တော်က ပေါ့ဘာဟာ အသင်းမှာ ဆက်ထိန်းထားဖို့ မသင့်တဲ့ ကစားသမားလို့ မပြောချင်ပါဘူး။ ဒါပေမယ့် ကစားသမားတွေက အသင်းမှာ ဆက်နေချင်စိတ် ရှိရမှာ ဖြစ်သလို အသင်းအတွက် ပေးဆပ်ကစားဖို့ အဆင်သင့် ဖြစ်နေရပါမယ်။
တကယ်လို့ ကစားသမား တယောက်က မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ကစားပေးချင်စိတ် မရှိဘူး ဆိုရင် အဲ့ဒီ ကစားသမားက အသင်းရဲ့ သက်တော်ရှည် ကစားသမား ဖြစ်နေဦးတော့ သူ့ကို အသင်းမှာ ဆက်နေဖို့ မဖြောင်းဖျသင့်တော့ဘူးလို့ ထင်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းက ထိပ်တန်းအသင်း တသင်းပါ။ ပြီးတော့ များပြားလှတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် အသင်းမှာ ရှိတဲ့ ဘယ်သူကမှ ကစားသမား တဦးကို အသင်းမှာ ဆက်နေပေးပါ ဆိုပြီး တောင်းပန်နေစရာ မလိုပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။