အသင်းကြီးတွေ ပင်နယ်တီ မျက်နှာသာရခဲ့ကြတဲ့ ပွဲစဉ် (၁၆) ရဲ့ ထူးခြားမှတ်တမ်းများ

မန်စီးတီး တိုက်စစ်သမား စတာလင်ဟာ ဝုဗ်နဲ့ပွဲမှာ ပင်နယ်တီသွင်းဂိုးဖြင့် ဂိုးရယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ ကစားသမားဘဝ ပရီးမီးယားလိဂ်သွင်းဂိုး (၁၀၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ သူဟာ အသက် ၂၇ နှစ်ဖြင့် သွင်းဂိုး ၁၀၀ ပြည့်ခဲ့တာကြောင့် လိဂ်သမိုင်းတစ်လျှောက် အဆိုပါ မှတ်တမ်းကို ရတဲ့ ၈ ဦးမြောက် အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

မန်စီးတီးဟာ ပြက္ခဒိန်နှစ် တစ်နှစ်အတွင်းမှာ ၃၂ ပွဲထိ အနိုင်ရထားပြီဖြစ်ပါတယ်။ ဒါဟာ အင်္ဂလန်လိဂ်မှာ အမြင့်ဆုံးအဖြစ် ၁၉၈၂ ခုနှစ်က လီဗာပူးအသင်းရဲ့ နှစ်တစ်နှစ်အတွင်း ၃၃ ပွဲဆိုတဲ့ စံချိန်ကို လိုက်မီသွားဖို့ နီးစပ်နေပါပြီ။

ဗီလာအသင်းကို ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ တစ်လုံးတည်သော အနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့တဲ့ ဆာလာဟာ ပရီးမီးယားလိဂ်မှာ (၁၄) ပွဲဆက်တိုက် သွင်းဂိုး (သို့မဟုတ်) ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး လက်စတာတိုက်စစ်မှူး ဗာဒီ (၁၅ ပွဲဆက်) နောက် ဒုတိယအကောင်းဆုံး မှတ်တမ်းဖြစ်ပါတယ်။

ရူဒီဂါဟာ လိဒ်စ်ယူနိုက်တက်ကို ချဲလ်ဆီးအသင်းက ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲမှာ ပင်နယ်တီ ၂ ကြိမ် အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ၂၀၁၀ မတ်လတုန်းက ဗီလာပွဲ နောက်ပိုင်း တစ်ပွဲတည်း ပင်နယ်တီ ၂ ကြိမ်ရအောင် စွမ်းဆောင်နိုင်တဲ့ ပထမဆုံး ချဲလ်ဆီးကစားသမားဖြစ်လာပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ လိဒ်စ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ပင်နယ်တီမှ သွင်းဂိုး (၂) ဂိုးသွင်းယူပေးပြီးနောက် သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝမှာ ပယ်နယ်တီ (၁၇)ကြိမ်ကန်သွင်းပြီး (၁၅)ကြိမ် ဂိုးဝင်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပင်နယ်တီ အဆုံးသတ်မှု အောင်မြင်ရာနှုန်း (၈၈%)ဖြင့် လိဂ်သမိုင်းမှာ အကောင်းဆုံး ပင်နယ်တီ ကန်သွင်းသူအဖြစ် မှတ်တမ်းဝင်ပါတယ်။

ယူနိုက်တက်ရဲ့ ပေါ်တူဂီသား တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဘောလုံးတစ်ရာသီအတွင်းမှာ ဆိုးရှား၊ ကာရစ်၊ ရန်းနစ်တို့ သုံးဦးလုံးအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ရယူနိုင်ခဲ့ပြီး ၁၉၂၆-၂၇ ရာသီနောက်ပိုင်း နည်းပြသုံးဦးအတွက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာပါတယ်။

မန်ယူနည်းပြသစ် ရန်းနစ်ဟာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ၂ ပွဲကို ခံစစ်က ဂိုးမပေးရဘဲ အနိုင်ရခဲ့တာကြောင့် ၁၉၀၃ ခုနှစ်နောက်ပိုင်း အဆိုပါ မှတ်တမ်းကို ပထမဆုံးအကြိမ် ပြန်ရယူနိုင်တဲ့ မန်ယူနည်းပြ ဖြစ်လာပါတယ်။