တိုက်စစ်မှုးဟောင်းကြီး မိုက်ကယ်အိုဝင်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၇ အတွက် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်များ

ပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်မှုးဟောင်းကြီး မိုက်ကယ်အိုဝင်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၇ အတွက် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်များ ထွက်ပေါ်နေပြီ ဖြစ်ရာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မန်ယူနိုက်တက် vs အဲဗာတန်

ဗီလာနဲ့ ပွဲစဉ်မှာ မန်ယူနိုက်တက်တို့ ရှုံးနိမ့်လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။ ဒါဟာ စိတ်ပျက်စရာ စွမ်းဆောင်ရည် ဖြစ်ပြီး တစ်ခုသေချာတာကတော့ ရော်နယ်ဒိုဟာ အခုချိန်ကနေစပြီး မန်ယူနိုက်တက်ရဲ့ ပင်နယ်တီ တာဝန်ကို ရယူတော့မယ် ဆိုတာပါပဲ။ ဒါပေမယ့် ယူနိုက်တက်ဟာ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်ပြီး ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လီဗာပူးနဲ့ ၁ မှတ်ပဲ ကွာဟနေတာပါ။ ဗီလာရီးရဲယ်ကို စိတ်လှုပ်ရှားဖွယ် အနိုင်ရမှုဟာ အသင်းကို စိတ်အားထက်ကြွစေနိုင်ပါတယ်။

ဗီလာနဲ့ ကျူပီအာ တို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် အဲဗာတန်ဟာ နော့ရစ်ချ်ကို အိမ်ကွင်းမှာ အနိုင်ယူကာ ပြန်လည် ရုန်းထွက်နိုင်ခဲ့ပါတယ်။ နော့ရစ်ချ်ဟာ အဲဗာတန်တို့ ယုံကြည်မှု ပြန်ရဖို့ အတွက် ideal ပြိုင်ဘက် ဖြစ်ခဲ့ပေမယ့် ဒီနိုင်ပွဲကနေ မာဆေးဆိုက် ကလပ်ရဲ့ စွမ်းဆောင်ရည်ကို ကောက်ချက်ချဖို့ ခက်ခဲပါတယ်။ အဲဗာတန်ဟာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် နောက်ပိုင်း အိုးထရပ်ဖို့ဒ်မှ အနိုင်ရထားခြင်း မရှိသေးဘဲ ဒီပွဲမှာလည်း အနိုင်ရလိမ့်မယ်လို့ ကျွန်တော် မထင်မိပါဘူး။ မန်ယူနိုက်တက်ပဲ ၃-၁ နဲ့ အနိုင်ရသွားမယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်။

ချဲလ်ဆီး vs ဆောက်သမ်တန်

ချဲလ်ဆီးဟာ မန်စီးတီးနဲ့ပွဲစဉ်မှာ ခြေစွမ်း မကောင်းခဲ့ပါဘူး။ သောမတ်တူချယ်ဟာ သူ့အသင်းရဲ့ စုစည်းမှုနဲ့ အနိုင်ယူရ ခက်ခဲမှုကို ဂုဏ်ယူနေပေမယ့် ကျွန်တော့် အမြင်ကတော့ ချဲလ်ဆီးဟာ စီးတီးနဲ့ ပွဲမှာ ခံစစ်ကို အသားပေးလွန်းတယ်လို့ ခံစားမိပြီး ပြိုင်ဘက်ကို ဘာမှ မတုန့်ပြန်နိုင်ခဲ့ပါဘူး။ ဆောက်သမ်တန်ဟာ ဝုဖ်ကို အနိုင်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့်လည်း ရှုံးခဲ့တာ ကတော့ တကယ့်ကို စိတ်ဓာတ်ကျစရာပါ။ သူတို့ဟာ လိဂ်ပြိုင်ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် သွင်းဂိုး ၄ ဂိုးသာ ရှိထားခဲ့ပြီး ဒါကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ လိုနေပါတယ်။

စိန့်တို့ဟာ ဒီရာသီ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရာမှာ ရလဒ်ကောင်း တစ်ချို့ ရယူထားနိုင်ခဲ့ပြီး မန်ယူနိုက်တက် နဲ့ စီးတီး တို့ကို သရေကစားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ဒီပွဲမှာ တစ်စုံတစ်ရာ ပြန်ရမယ်လို့ မထင်ပါဘူး။ ကျွန်တော် ကတော့ ချဲလ်ဆီးဟာ စိန့်တို့အတွက် တအားကို တောင့်တင်းလွန်းနေပြီး ၃-၀ နဲ့ သက်တောင့်သက်သာ နိုင်သွားမယ်လို့ ထောက်ခံလိုက်ပါတယ်။

ဘရိုက်တန် vs အာဆင်နယ်

ဘရိုက်တန်ဟာ ဇယားထိပ်ကို မရောက်ခဲ့ပေမယ့် ပဲလေ့စ်ကို နောက်ကျဂိုးသွင်းဂိုး အဖိုးတန်သရေတစ်မှတ်ကို ရယူခဲ့ပါတယ်။ ဂရေဟမ်ပေါ်တာ လုပ်ပြနေတာတွေကို ကျွန်တော် လေးစားမိပြီး သူတို့ top 8 ထဲမှာ ပါဝင်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘောလုံးမှာ အပြောင်းအလဲက တကယ် မြန်ဆန်လွန်းပါတယ်။ ပြီးခဲ့တဲ့လက ဒီအချိန်မှာ အာဆင်နယ်ဟာ ဆိုးရွားတဲ့ အကျပ်အတည်းထဲ ရောက်နေခဲ့ပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်ကတော့ တော့တင်ဟမ်ကို မြောက်လန်ဒန် ဒါဘီမှာ ချေမှုန်းပစ်ခဲ့ပါတယ်။

စပါးရဲ့ ပထမပိုင်းခြေစွမ်းဟာ တကယ့်ကို အံ့သြစရာ ဖြစ်ပေမယ့် အာဆင်နယ်ဟာ တကယ် ကောင်းခဲ့တာတော့ အမှန်ပါပဲ။ အထူးသဖြင့် စမစ်ရို နဲ့ ဆာကာ တို့ဟာ စွမ်းရည်နဲ့ အရည်အသွေး အပြည့်ပါပဲ။ ဘရိုက်တန်ဟာ အာဆင်နယ်ကို ဒုက္ခပေးလေ့ ရှိတဲ့ သမိုင်းရှိနေပါတယ်။ ဂန်းနားတို့ဟာ ဘရိုက်တန်နဲ့ နောက်ဆုံး ၇ ပွဲမှာ ၂ ပွဲသာ နိုင်ထားခဲ့ပြီး ဒီအချိန်မှာ the Seagulls တို့ဟာ တောက်ပနေပါတယ်။ ကျွန်တော် ကတော့ ဘရိုက်တန်တို့ ဒီပွဲမှာ ၂-၁ နဲ့ ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။

တော့တင်ဟမ် vs ဗီလာ

အာဆင်နယ်နဲ့ ပွဲစဉ်မှာ စပါးရဲ့ ပထမပိုင်း ခြေစွမ်းကတော့ အတော် ဆိုးရွားလွန်းခဲ့ပြီး ပြိုင်ဘက်ဟာ အခွင့်အရေးတွေကို လွယ်ကူစွာ ဖန်တီးသွားခဲ့ပါတယ်။ တာထွက်ကောင်းခဲ့ပေမယ့်လည်း အခုဆိုရင် နူနိုဟာ ကြီးမားတဲ့ ဖိအားတွေအောက် ရောက်နေပါတယ်။ သူ့ရဲ့ အဓိက ကစားသမား ဖြစ်တဲ့ ဟယ်ရီကိန်းရဲ့ ဂိုးတွေကို လိဂ်ပြိုင်ပွဲမှာ ပြန်ရဖို့ အထူး လိုအပ်နေကာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ ပုံပြင်ဟာ ကိန်းနဲ့ တစ်သင်းလုံးကို အတော် သက်ရောက်စေခဲ့တယ် ဆိုတာ ရှင်းပါတယ်။

ဒင်းစမစ်နဲ့ဗီလာ တို့ဟာ ရက်သတ္တပတ် တစ်ချို့ ကြုံခဲ့ရကာ ပြီးခဲ့တဲ့တစ်ပတ်က အိုးထရပ်ဖို့ဒ်မှာ ယူနိုက်တက်ကို အနိုင်ယူခဲ့ပါတယ်။ သူတို့ဟာ ဒီရာသီ ဥရောပဝင်ခွင့်ကို စိန်ခေါ်နိုင်မယ့် အသင်းလိုပါပဲ။ ဒီနှစ်သင်းကြား ကြီးမားတဲ့ ခြားနားချက် မရှိပါဘူး။ ရာသီကုန်ချိန်မှာတော့ ဒီနှစ်သင်းကြား ရမှတ်တွေ သိပ်ပြီး ကွာဟမယ်လို့ မထင်ပါဘူး။ ဒီပွဲမှာတော့ ၁-၁ နဲ့ ပွဲပြီးသွားပါလိမ့်မယ်။

လီဗာပူး vs မန်စီးတီး

ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်က လီဗာပူးရဲ့ ခြေစွမ်းဟာ တကယ့်ကို ထူးဆန်းပါတယ်။ သူတို့ ၃ ဂိုး သွင်းယူနိုင်ခဲ့သလို ဒီထက် ဂိုးတွေ ပိုရသင့်ခဲ့ပေမယ့် ၃ ဂိုးပေးခဲ့ရတာကတော့ သတိပေးချက်ပါပဲ။ ဒီလို ဖြစ်လာမယ်လို့ ကျွန်တော် မထင်ထားခဲ့ပါဘူး။ ကလော့ဟာ သူ့အသင်းရဲ့ ခံစစ်ကစားပုံကို ဒေါသထွက်နေမှာ သေချာပါတယ်။ လီဗာပူးဟာ ပေါ်တိုနဲ့ပွဲမှာ အကောင်းဆုံး တုန့်ပြန်ခဲ့ပြီး အဝေးကွင်းမှာ ၅ ဂိုးသွင်းကာ အနိုင်ရရှိခဲ့ပါတယ်။

စီးတီးဟာ ပြီးခဲ့တဲ့ တစ်ပတ်က ချဲလ်ဆီးနဲ့ပွဲမှာ သူတို့ ဘာကြောင့် ချန်ပီယံ ဖြစ်နေသလဲဆိုတာ ပြသခဲ့ပါတယ်။ စီးတီးဟာ လူတွေ အတော် အထင်ကြီးနေတဲ့ ချဲလ်ဆီးကို အောက်အသင်းအဖြစ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပီအက်ဂျီကို ရှုံးခဲ့တဲ့ပွဲမှာလည်း စီးတီးရဲ့ ကစားပုံ ကောင်းခဲ့ပေမယ့်လည်း အဆုံးသတ် ပိုမို သေချာဖို့တော့ လိုအပ်နေပါတယ်။

လီဗာပူးဟာ အန်ဖီးမှာ စီးတီးနဲ့ ရင်ဆိုင်ရမှာ အရမ်းကောင်းတဲ့ မှတ်တမ်းရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက စီးတီးတို့ အန်ဖီးမှာ အနိုင်ရခဲ့တာဟာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။ လီဗာပူးဟာ ဒီကြားထဲမှာ မှတ်မှတ်ရရ တစ်ချို့ ရခဲ့ပါတယ်။ ကျွန်တော် ကတော့ ပွဲကြီးပွဲကောင်းတွေမှာ လီဗာပူးကိုပဲ အမြဲ အကြိုက်တွေ့မိပါတယ်။ ဒါ့ကြောင့် လီဗာပူးတို့ ဒီပွဲမှာ ၂-၁ နဲ့ နိုင်သွားမယ် ဆိုရင်လည်း အံ့အားသင့်စရာ ဖြစ်လာမှာ မဟုတ်ပါဘူး။

အခြားပွဲစဉ်များ

ဝုဖ် ၁-၀ နယူးကာဆယ်
ဘန်လေ ၂-၀ နော့ရစ်ချ်
လိဒ် ၂-၁ ဝက်ဖို့ဒ်
ဝက်ဟမ်း ၂-၁ ဘရန့်ဖို့ဒ်
ပဲလေ့စ် ၁-၂ လက်စတာ