လက်စတာရဲ့ ဂိုးပြတ်အနိုင်၊ ကိုဗစ်ဖြစ်နေတဲ့ မန်ယူနဲ့ ဗီလာ၊ နိဂုံးချုပ်သွားနိုင်တဲ့ အူဘာနဲ့ နံနက်ခင်း သတင်းများ
တနင်္ဂနွေညက ပရီးမီးယားလိဂ် ပွဲတွေမှာတော့ လက်စတာက ၃ပွဲဆက် နိုင်ပွဲပျောက်ပြီး ၂ပွဲဆက် ရှုံးနေမှုကို နယူးကာဆယ်နဲ့ အတွေ့မှာ ရပ်တန့်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်စတာက ၄-ဝ နဲ့ ဂိုးပြတ် အနိုင်ယူခဲ့တာပါ။ ဘန်လေနဲ့ ဝက်စ်ဟမ်းတို့ ပွဲစဉ်ကတော့ ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေအနေနဲ့ ကိုဗစ်ကူးစက်မှုတွေ ပြန်လည်ဖြစ်ပွားနေခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် နှစ်သစ်ကူးပွဲကြပ်ကာလအတွက် စိုးရိမ်မှုတွေ မြင့်တက်လျက်ရှိနေပါတယ်။
လက်ရှိမှာ စပါးကကိုဗစ် ကူးစက်မှု အကြီးအကျယ်ဖြစ်ပွားပြီး ပွဲစဉ်တွေ ရွှေ့ဆိုင်းထားရသလို မန်ချက်စတာ ယူနိုက်တက်နဲ့ အက်စတွန် ဗီလာတို့ အသင်းတွင်းမှာလည်း ကိုဗစ် ကူးစက်မှုတွေ ရှိနေပါတယ်။

စည်းကမ်းပိုင်း ဖောက်ပျက်ပြီးနောက် ဆောက်သမ်တန်နဲ့ပွဲမှာ လွဲချော်ခဲ့တဲ့ အူဘာမီယန်ကို အသင်းခေါင်းဆောင်အဖြစ် ကနေ စွန့်လွှွတ်သင့်တယ်လို့ အင်္ဂလန် ကစားသမားဟောင်း ဆင်ကလဲယားက ဆိုလိုက်ပြီး ထိုကိစ္စဟာ အူဘာမီယန်ရဲ့ အဆုံးသတ် နိဂုံး ဖြစ်သွားနိုင်ပြီး ကစားခွင့်တောင် ရချင်မှ ရတော့မှာဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ဂျိုလ်ကိုးကတော့ Ballon d’Or ဆုနဲ့ ပတ်သက်ပြီး အသံတွေ ဆူညံနေတယ် ဆိုတာ သိပေမဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးမက်ဆီဟာ Ballon d’Or ဆုနဲ့ ထိုက်တန်မှုရှိကြောင်း၊ မက်ဆီဟာ ကိုပါ အမေရိက ဖလားကို ရယူနိုင်ခဲ့သလို ဘာစီအတွက်လည်း သက်ရောက်မှုများစွာရှိတဲ့ ကစားသမားဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
နောဝစ်ချ် အစွန်နောက်ခံလူ မက်အာရွန်ကိုခေါ်ယူဖို့အတွက် ရိုးမား၊ စပါးနဲ့ အဲဗာတန်တို့က အပြိုင်ကြိုးပမ်းလျက် ရှိနေကြပါတယ်။ ပြီးခဲ့တဲ့ ရာသီတွေကတည်းက မက်အာရွန်ကို ခေါ်ယူဖို့အသင်းကြီးတွေက ကြိုးပမ်းခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ရိုးမားကိုပြောင်းဖို့ နီးစပ်နေကြောင်း သိရပါတယ်။
မန်ယူပရိသတ်တွေကတော့ နောဝစ်ချ်နဲ့ပွဲစဉ်က ဂိုးသမားဒီဂီယာရဲ့ လက်စွမ်းကို အလွန်ကျေနပ်ခဲ့ကြပြီး ဒီဂီယာဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဖြစ်ကြောင်း၊ အဲဒီပွဲစဉ်က ၃ မှတ်ဟာ ဒီဂီယာ ရယူပေးတာဖြစ်ကြောင်း မှတ်ချက်ပြုနေကြပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က လိဒ်စ်နဲ့ပွဲပြီးချိန်မှာ ရန်ပွဲဖြစ်ပွားခဲ့တဲ့ နောက်ခံလူ ရူဒီဂါဘက်ကနေ ကာကွယ်မှု ပြုလုပ်ပေးခဲ့ပြီး ရူဒီဂါဟာ နိုင်လိုစိတ်ပြင်းပြတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း၊ အသင်းသားတွေရှေ့မှာ မားမားမတ်မတ် ရပ်တည် ပေးတတ်သူဖြစ်ကြောင်း၊ ဒီနေ့ပွဲမှာ ရူဒီဂါဟာ အရှုံးကိုလက်မခံနိုင်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
ဘာစီလိုနာ နည်းပြ ဇာဗီက သူတို့အသင်းရဲ့ အဓိက ပြဿနာက စိတ်ဓာတ်ပိုင်းဆိုင်ရာဖြစ်ကြောင်း၊ လက်ရှိမှာ အသင်းသားတွေ အနေနဲ့ ယုံကြည်ချက်အားနည်းနေပြီး စိတ်ဓာတ်ခွန်အားတွေ ပျောက်ဆုံးလျက်ရှိနေကြောင်း၊ ဒါက ဘာစီလိုနာအသင်းရဲ့ ပုံစံမျိုး မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။