ဒီရာသီ ချန်ပီယံလိဂ်ဖလား အနိုင်ရမယ့် အင်္ဂလန်အသင်းကို ခန့်မှန်းသွားတဲ့ ကာနေဗာရိုး

အီတလီဂန္တဝင်ကြီးနဲ့ ၂၀၀၆ ခုနှစ် ဘလွန်းဒီအောပိုင်ရှင် ဖေဘီယို ကာနေဗာရိုးက ဒီရာသီ ဥရောပချန်ပီယံလိဂ် ဆုဖလားကို အနိုင်ရမယ့် စိတ်ကြိုက်အသင်းအား ရွေးထုတ်သွားပါတယ်။

အင်္ဂလန်ကလပ် ၄ သင်းလုံးဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေကို တက်ရောက်လာကြပြီး လီဗာပူး၊ မန်စီးတီးနဲ့ ယူနိုက်တက်တို့က အုပ်စုတွင်းတွေမှာ အုပ်စုဗိုလ်နေရာကို ရယူနိုင်ခဲ့တာပါ။ ချယ်ဆီးအသင်းကတော့ နောက်ဆုံးပွဲစဉ်မှာ ခြေချော်ပြီး သရေကျခဲ့ခြင်းကြောင့် အုပ်စု ဒုတိယနေရာက နောက်တစ်ဆင့်ကို တက်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာဖလား ချန်ပီယံဟောင်းလည်းဖြစ်တဲ့ ကာနေဗာရိုးကတော့ လန်ဒန်ကလပ် ချယ်ဆီးအသင်းရဲ့ လူအင်အား တောင့်တင်းမှုကို အထင်ကြီးနေပြီး ချန်ပီယံလိဂ်ဖလားကို နှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်တယ်လို့ ထောက်ခံစကား ပြောခဲ့ပါတယ်။

‘ ချယ်ဆီးက နှစ်ကြိမ်ဆက် ချန်ပီယံဖြစ်ဖို့ ကြိုးစားနိုင်မယ် ထင်ပါတယ်။ သူတို့မှာ မန်နေဂျာ သောမက်စ် တူချယ်ရှိနေပြီး အရမ်းကောင်းတဲ့ အသင်းတစ်သင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ရီးရဲလ်မက်ဒရစ်က ၃ နှစ်ဆက်တိုက် အနိုင်ရဖူးပြီး ဒါက ဇီဒန်းနဲ့ ရီးရဲလ်အတွက် သမိုင်းဝင် အောင်မြင်မှု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ဆိုတာ ခရီးလမ်းမှာ ကိစ္စတွေ အများကြီး လိုအပ်ပါတယ်။ ကျနော်အတွက်တော့ အင်္ဂလန်ကလပ်တွေက ပိုပြီး ပြင်ဆင်မှုကောင်းမွန်တယ်လို့ ထင်ပါတယ် ’ လို့ ကာနေဗာရိုးက ပြောဆိုခဲ့တာပါ။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့ ဘွန်ကီတွေကြား ရေပန်းအစားဆုံး ကလပ်ကတော့ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးဖြစ်ကာ သူ့နောက်မှာ ဘိုင်ယန်နဲ့ လီဗာပူးတို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ အခြားသော ရေပန်းစား အသင်းတွေကတော့ ချယ်ဆီး၊ ပီအက်စ်ဂျီ ရီးရဲလ်မက်ဒရစ်တို့ ဖြစ်ပါတယ်။