ဘာစီလိုနာ ပစ်မှတ်နေတဲ့ အသင်းသား ၃ဦး၊ ရူဒီဂါ၊ ဂျော်ဂျင်ဟိုတို့ အခြေအနေနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ

ဘာစီလိုနာအနေနဲ့ ချဲလ်ဆီးရဲ့ ကစားသမား ၃ ဦးကို ခေါ်ယူနိုင်ဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ တိုက်စစ်ကစားသမား ပူလီဆစ်၊ နောက်ခံလူ အက်ပီကျူတာနဲ့ ရူဒီဂါတို့ကို ဘာစီလိုနာက ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

ပဲလေ့စ်မှာ အငှားကစားနေတဲ့ ဂယ်လဲဟာအနေနဲ့ ချဲလ်ဆီးကို ပြန်သွားမယ် ဆိုရင် လင်ဂတ် လို ဖြစ်သွားနိုင်တယ်လို့ အင်္ဂလန်နည်းပြဟောင်း ဆမ်အလာဒွိုက်စ်က သတိပေးလိုက်ပါတယ်။ ဂယ်လဲဟာအနေနဲ့ လက်ရှိ ပွဲထွက် ကစားခွင့် များများ ရရှိချိန်မှာ မှန်ကန်တဲ့လမ်းကြောင်းကို ဂရုစိုက် ရွေးချယ်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ချဲလ်ဆီးနောက်ခံလူ ရူဒီဂါအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့အတွက် ပြီးခဲ့တဲ့လပိုင်းကတည်းက ဆွေးနွေးမှုတွေ ပြန်လည်ပြုလုပ်နေပေမဲ့ စာချုပ်သစ် တိုးမြှင့်နိုင်ဖို့တော့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ ရူဒီဂါကို ရီးရဲက ကြိုးပမ်းနေပြီး ဘိုင်ယန်ကတော့ရူဒီဂါ တောင်းဆိုတဲ့ လစာပမာဏကို မပေးလိုပါဘူး။

ချဲလ်ဆီးနောက်ခံလူ ရူဒီဂါဟာ မောင်းနှင်အား အလွန် ကောင်းမွန်သူဖြစ်တယ်လို့ အာဆင်နယ်ဂန္ထဝင်ဟောင်း ကီအွန်က ချီးကျူးလိုက်ပါတယ်။ ဒါ့အပြင် ရူဒီဂါဟာ နောက်ထပ် တစ်ဆင့်ကို တက်လှမ်းကို အချိန်တန်ပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးနဲ့အပြိုင် စီးရီးအေကလပ် တိုရီနိုနောက်ခံလူ ဘရီမာကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ ၂၄ နှစ်အရွယ် ကစားသမားဟာ တိုရီနိုအတွက် အရေးပါတဲ့ ကစားသမား ဖြစ်နေပြီး ချဲလ်ဆီးက နောက်ခံလူတချို့ကို သက်တမ်းတိုးမြှင့်ဖို့ ခက်ခဲနေတဲ့ အနေအထားမှာ နောက်တန်းကို အားဖြည့်ဖို့ ပြင်ဆင်နေတာပါ။

ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုက သူ့ရဲ့ နောက်ကျောဒဏ်ရာက အကောင်းဆုံးပုံစံ မရရှိသေးဘဲ ဒုက္ခ ပေးနေဆဲ ဖြစ်တယ်လို့ ဖွင့်ဟလိုက်ပြီး အသင်းဖော်တွေကို ကူညီနိုင်ဖို့အတွက်သာ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးပြီး ကစားနေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီး တိုက်စစ်မှူး လူကာကူရဲ့အေးဂျင့်က သူ့ကစားသမား ဟာ လက်ရှိချဲလ်ဆီးမှာ ကျေနပ်နေပေမယ့် အီတလီကို ချစ်မြတ်နိုးတာကြောင့် အီတလီမှာ သွားကစားဖြစ်ဦးမယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

ဒဏ်ရာရရှိနေတဲ့ ချဲလ်ဆီးကွင်းလယ်လူကန်တီက အင်္ဂါနေ့မှာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကန်တီအနေနဲ့ အဲဗာတန်နဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ ချဲလ်ဆီးနည်းပြတူချယ်ကပြောဆိုထားခြင်း မရှိသေးပါဘူး။ ကိုဗစ် ကူးစက်နေတဲ့ ကိုဗာဆစ်ရဲ့ အခြေအနေကလည်း ကောင်းမွန်နေကြောင်း တူချယ်က ဆိုခဲ့ပါတယ်။