ကင်းထောက်လွှတ် စောင့်ကြည့်နေတဲ့ ဂိုးသမား ၊ ရော်နယ်ဒို၊ လင်ဂတ်တို့နဲ့ ယနေ့ည မန်ယူ သတင်းများ
မန်ချက်စတာ ယူနိုက်တက်ဟာ ဒင်းဟန်ဒါဆန် ဆက်ရှိနေဖို့ မရေမရာ ဖြစ်လာတဲ့နောက် အင်္ဂလန်မှာ အကောင်းဆုံး လူငယ် ဂိုးသမား လို့ သတ်မှတ်ခြင်း ခံထားရတဲ့ လိဒ်စ်ဂိုးသမား မက်စ်လိုင်ယာ ခေါ်ယူဖို့ စဉ်းစားနေ ပါတယ်။
မန်စီးတီးနဲ့ လိဒ်စ်တို့ ကစားခဲ့တဲ့ပွဲစဉ်မှာ လိဒ်စ်ဂိုးသမား မက်စ်လိုင်ယာကို စောင့်ကြည့်ဖို့အတွက် မန်ယူက ်ကင်းထောက် စေလွှတ်ခဲ့ကြောင်း ဒေးလီးမေးလ် က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကွင်းလယ်လူ လင်ဂတ်အနေနဲ့ အသင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ လင်ဂတ် က နည်းပြသစ်ရန်နစ်လက်အောက်မှာပွဲကစားခွင့် ပိုရဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ သတင်းတွေထွက်ပေါ်နေတဲ့ သူတို့ရဲ့ကြယ်ပွင့် ဖီလစ်ကို ရောင်းချဖို့ ဆန္ဒမရှိကြောင်း၊ ဖီလစ်ဟာ ထူးခြားတဲ့ ကစားသမားဖြစ်ကြောင်း၊ သူတို့အတွက် ဖီလစ်ဟာ ရောင်းကုန်မဟုတ်ကြောင်း အက်သလက်တီကို ဥက္ကဋ္ဌက ပြတ်သားစွာ ဖွင့်ဟခဲ့ပါတယ်။
မန်ယူတိုက်စစ်မူှး စီရော်နယ်ဒိုဟာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူမိခဲ့လို့ ပွဲအပြီးမှာ အာဆင်နယ် အမာခံ ပရိသတ်ဖြစ်တဲ့ ပီရက်မော်ဂန်ကို ဆောရီး လို့ မက်ဆေ့ချ် ပို့ခဲ့ပြီး အရွှန်းဖောက်ခဲ့ပါတယ်။ ပွဲမစခင်မီမှာ မော်ဂန်က စီရော်နယ်ဒိုကို ဂိုးမသွင်းဖို့ မက်ဆေ့ချ်ပို့ တောင်းဆိုခဲ့တာပါ။
ကိုဗစ် ဂယက်ဖြစ်ပွားမှုကြားကနေပဲ မန်ချက်စတာယူနိုက်တက် ပထမ အသင်းသားတွေဟာ လေ့ကျင့်ခန်း ပြန် ဆင်းနေကြပြီ ဖြစ်ပါတယ်။ စီရော်နယ်ဒို၊ ဖာနန်ဒက်စ်၊ ရက်ဖို့ဒ်၊ ဒီဂီယာ၊ ဗာရာနီတို့ အပါအဝင် အနည်းဆုံး ပထမအသင်းသား ၁၇ ဦးခန့်ဟာ လေ့ကျင့်ခန်း ဆင်းနေကြကြောင်း တွေ့ရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ စီ ရော်နယ်ဒိုသာ မပါရင် ချန်ပီယံလိဂ်မှာ ၁၆သင်း အဆင့်ထိ ရောက် ကို မလာနိုင်ဘူးလို့ အတ်တလန်တာ ခံစစ်သမား ဒါမီရယ်က ပြောကြားလိုက်ပါတယ်။

လီဗာပူးဂန္ထဝင်ဟောင်း ဂျွန်ဘန်းစ်က မန်ယူအနေနဲ့ ရန်နစ်အပေါ် ချဉ်းကပ်ရာမှာ ဆိုးလ်ရှားတုန်းကလို အမှားမျိုး မကျူးလွန်သင့်ကြောင်း၊ မန်ယူဟာ ရန်နစ်လက်ထက်မှာ ကျစ်လျစ်လာပေမဲ့ တချို့ပွဲတွေကို ရှုံးလုနီးပါးဖြစ်ခဲ့ကြောင်း၊ မန်ယူအနေနဲ့ ရလဒ်တစ်ခုတည်းကိုသာ မကြည့်သင့်ကြောင်း သတိပေးခဲ့ပါတယ်။
ခရစ်ဆပ်တန်က ချန်ပီယံလိဂ်မှာ မန်ယူအနေနဲ့ အက်သလက်ကို ကျော်ဖြတ်နိုင်မယ်လို့ ထင်မြင်မိကြောင်း၊ ဖေဖော်ဝါရီလ မှာ မန်ယူရဲ့ ပုံစံက ဘယ်လိုရှိမလဲဆိုတာ မသိနိုင်ကြောင်း၊ရန်နစ်ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေက ပြင်းထန်လို့ ဒဏ်ရာတွေကသာ အဓိက ပြဿနာဖြစ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။