လီဗာပူး အနိုင်၊ ချဲလ်ဆီး သရေ၊ ကိုဗစ် ထိထားသူများ၊ ရွှေ့ဆိုင်းရတဲ့ပွဲတွေနဲ့ ယနေ့ နံနက်ခင်း သတင်းများ

ချယ်ဆီးအသင်းဟာ ညက ပွဲမှာ အဲဗာတန်ကို ဘောလုံးပိုင်ဆိုင်မှု ၈ဝ% နဲ့ ဖိ ကစားနိုင်ခဲ့ပေမယ့် ဂိုးအခွင့်အရေး ဖြုန်းတီးမှုတွေကြောင့် ၁-၁ နဲ့ သရေကျသွားပါတယ်။ ဒီပွဲ အမှတ်လျော့တာကြောင့် ဦးဆောင်သူ မန်စီးတီးနဲ့လည်း ၄ မှတ် ပြတ်သွားပါတယ်။

လီဗာပူးကတော့ နယူးကာဆယ်ကို ၃ဂိုး ၁ဂိုးနဲ့ အနိုင်ယူခဲ့ပြီး စီးတီးကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ လီဗာပူးမှာ ဗန်ဒိုက်၊ ဖာဘင်ညိုနဲ့ ကားတစ်ဂျုံးစ်တို့ ကိုဗစ်ပိုးတွေ့တာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။

လီဗာပူးနည်းပြကလော့က နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရပြီးနောက် ကစားသမားတွေရဲ့ တုံ့ပြန်မှုကို ကျေနပ်မိတယ်လို့ ဆိုခဲ့ပါတယ်။ ခံစစ် လုံးဝအထိုင် ကစားတဲ့ အသင်းကို ရင်ဆိုင်ရတာ မလွယ်ကူလှဘဲ လီဗာပူးက ပွဲကို လွှမ်းမိုးနိုင်ခဲ့ပြီး ဒီ ရလဒ်နဲ့ လုံးဝထိုက်တန်တယ်လို့ပါ ကလော့ပ်က ဆိုပါတယ်။

ချဲလ်ဆီးကစားသမားတွေဖြစ်ကြတဲ့ တိုက်စစ်မူှး လူကာကူ၊ တီမိုဝါနာနဲ့ အိုဒွိုင်း၊ နောက်ခံလူ ဘင်ချီဝဲလ်တို့ဟာ ကိုဗစ် ကူးစက်ခံခဲ့ရကြောင်း အဲဗာတန်နဲ့ ပွဲမတိုင်ခင်မှာ နည်းပြတူချယ်က ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီး တိုက်စစ်သမား ကိုင်ဟာဗက်ဇ်ကလည်း ဖျားနာမှုဝေဒနာကို ခံစားနေရပြီး ရလဒ်ကို စောင့်ဆိုင်းနေဆဲ ဖြစ်တာကြောင့် လူစာရင်းမှာ ခေါ်မလာခြင်းဖြစ်ကြောင်း တူချယ်က ဆိုခဲ့ပါတယ်။

ဘာစီလိုနာ က သူတို့ ကစားသမားဟောင်း ဆန်းချက်ဇ်ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေကြောင်း သတင်း ထွက်လာပါတယ်။ ဒါပေမဲ့ ဆန်းချက်ဇ်ဟာ နည်းပြဇာဗီ အကြိုက်တွေ့တဲ့ ကစားသမားမျိုး မဟုတ်ဘဲ ဇာဗီကတော့ ဖာရန်တောရက်စ်ကိုသာ အရခေါ်ယူလိုနေတာပါ။ နောက်ပြီး ဆန်းချက်ဇ်ရဲ့ လစာကလည်း ဘာစီအတွက် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက သူတို့အနေနဲ့ ဒီနှစ်မှ ရောက်ရှိလာတဲ့ မက်ဆီနဲ့ တွဲဖက်မိအောင် လေ့ကျင့်ရေးကွင်းမှာ အပြင်းအထန် ကြိုးပမ်းလျက်ရှိနေကြောင်း၊ နောက်ဆုံးမှာတော့ သူတို့တွေအနေနဲ့ အပြန်အလှန် နားလည်မှုပိုင်း တိုးတက်လာကြောင်း ဖွင့်ဟခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အနေနဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကိုခေါ်ယူဖို့ အခွင့်အရေးရှိနေကြောင်း စပိန်သတင်းက ဖော်ပြထား ပါတယ်။ ဟယ်ရီကိန်းအနေနဲ့ စပါးကနေ ထွက်ခွာချင်နေဆဲဖြစ်ပြီး ပရီးမီးယားလိဂ် ပြင်ပကလပ်တွေထဲကဆိုရင် ရီးရဲကို ပြောင်းရွှေ့လိုနေတာပါ။

ယူရိုနေရှင်းလိဂ် ၂၀၂၂-၂၃ အတွက် အုပ်စုပွဲစဉ်တွေကို မဲခွဲခဲ့ရာမှာ လိဂ်-အေမှာတော့ နာမည်ကြီးအသင်းတွေဖြစ်ကြတဲ့ အင်္ဂလန်၊ ဂျာမနီ၊ အီတလီတို့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။ ကျန်အုပ်စုတွေထဲမှာတော့ စပိန်နဲ့ ပေါ်တူဂီတို့က တစ်အုပ်စု၊ ဘယ်ဂျီယံနဲ့ နယ်သာလန်တို့က တစ်အုပ်စု အသီးသီး ကျရောက်ခဲ့တာပါ။

ချဲလ်ဆီးကစားသမားဟောင်း ဂျိုလ်ကိုးကတော့ အာဆင်နယ်လူငယ်တိုက်စစ်မူှး မာတင်နယ်လီရဲ့ အဆုံးသတ်စွမ်းရည်ကို အွန်နရီနဲ့ ခိုင်းနှိုင်းခဲ့ပြီး “ဒါက မယုံနိုင်ဖွယ်ရာ အဆုံးသတ်ပါ။ အတိအကျပြောရရင် အွန်နရီကို ပြန်ပြီး အမှတ်ရစေမိပါတယ်။ နောက်ခံလူတွေအတွက် ဘယ်လိုအခွင့်အရေးမှ မရှိတော့ပါဘူး”လို့ မှတ်ချက်ပြုခဲ့ပါတယ်။

လာမယ့် စနေနေ့မှာ ယှဉ်ပြိုင်ကစားမဲ့ မန်ယူနဲ့ ဘရိုက်တန်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ လတ်တလော မန်ယူအသင်းတွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိနေတာကြောင့် အဆိုပါ ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့တာပါ။

မန်ယူဟာ ဘရန်ဖို့ဒ်နဲ့ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။ မန်ယူပွဲအပါအဝင် ဆောက်သမ်တန်- ဘရန်ဖို့ဒ်၊ ဝက်ဖို့ဒ် – ပဲလေ့စ်၊ ဝက်စ်ဟမ်း – နော့ဝှစ်ချ်နဲ့ အဲဗာတန်- လက်စတာ ပွဲတွေကိုလည်း ရွှေ့ဆိုင်း လိုက်ရပါတယ်။