ချီးကျူးသံတွေကြားက မာတင်နယ်လီနဲ့ စမစ်ရို့စ်၊ တိုမီယာဆု ဒဏ်ရာနဲ့ ယနေ့ည အာဆင်နယ် သတင်းများ
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဂရေမီဆောင်းနက်စ်က လိဒ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ် လူငယ် တိုက်စစ်မူှး မာတင်နယ်လီကို ချီးကျူးခဲ့ပြီး မာတင်နယ်လီဟာ အန္တရာယ်ရှိပြီး လျင်မြန်သူဖြစ်ကြောင်း၊ မာတင်နယ်လီလို ဂိုးသွင်းရှင်မျိုးက ရှာရခက်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက လိဒ်စ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ နောက်ခံလူ တိုမီယာဆုကို ကြွက်သားဒဏ်ရာကြောင့် လူစားလဲခဲ့ရခြင်းဖြစ်ကြောင်း၊ သူက အသင်းကို ရောက်ရှိပြီးကတည်းကပွဲတိုင်းအချိန်ပြည့်ကစားထားရခြင်းကြောင့် ပွဲဆက်တွေများလာတဲ့အခါ အနည်းငယ်ရုန်းကန်ခဲ့ရကြောင်း၊ တိုမီယာဆုအနေနဲ့ ဒဏ်ရမရဖို့ မျှော်လင့်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း အီယန်ရိုက်က ကွင်းလယ်ကြယ်ပွင့် စမစ်ရို့စ်ဟာ နည်းပြ အာတီတာကို ခေါင်းစားစေမဲ့ ကစားသမားမျိုးဖြစ်ကြောင်း၊ စမစ်ရို့စ်ဟာ ၅ မိနစ်လောက်ပဲကစားရရ၊ အခွင့်အရေးကိုအပိုင်ရယူနိုင်တဲ့ ကစားသမားမျိုးဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားဟာ ပရီးမီးယားလိဂ်မှာ ကစားဖို့အတွက် အရည်အချင်း လုံလောက်မှုရှိကြောင်း၊ ဝီလ်ရှိုင်းယားရဲ့ အရည်အသွေးဟာမေးခွန်းထုတ်စရာမလိုကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက တောင်ပံကစားသမားပီပီကို ပွဲထွက်ခွင့် မပေးတာနဲ့ ပတ်သက်ပြီး “ပီပီဟာ သူဘာလုပ်နိုင်သလဲဆိုတာ ပြသဖို့ အခွင့်အရေး ဒီထက်ပိုပြီးလိုအပ်နေပါတယ်။ သူက အသင်းကို ကူညီနိုင်ဖို့ ကြိုးပမ်းနေတာပါ။ သူကစားတဲ့နေရာမှာ ဆာကာကလည်း အံ့အားသင့်ဖွယ်စွမ်းရည်ကို ပြသနေတာပါ”လို့ တုံ့ပြန်ခဲ့ပါတယ်။
လိဒ်စ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်နဲ့ ပတ်သက်ပြီး နည်းပြအာတီတာက “တကယ့်ကို ခက်ခဲတဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပေမဲ့ အပေါင်းလက္ခဏာဆောင်တဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းကို ပြသနိုင်ခဲ့ပါတယ်။ စီနီယာကစားသမားတွေဟာ အလွန်အရေးပါတဲ့နေရာက ကစားခဲ့ပြီး လူငယ်တွေကလည်း ပွဲကိုခြားနားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်ဂန္ထဝင်တိုက်စစ်မူှး အလန်စမစ်ကတော့ အာဆင်နယ်အနေနဲ့ အဲဗာတန်တိုက်စစ်မူှး လီဝင်ကို ခေါ်ယူခြင်းမပြုဖို့ အကြံပြုခဲ့ပါတယ်။ လီဝင်ဟာ အာဆင်နယ်နဲ့ လိုက်ဖက်တဲ့ ကစားသမားမဖြစ်နိုင်ကြောင်း၊လီဝင်ဟာ ရှေးတုန်းက တိုက်စစ်မူှးတွေရဲ့ပုံစံဖြစ်ကြောင်း ဆိုခဲ့တာပါ။
လက်ရှိ အာဆင်နယ် အသင်းခေါင်းဆောင် တာဝန်ယူထားရတဲ့ တိုက်စစ်မူှး လာကာဇက်က အသင်းဖော်တွေဖြစ်ကြတဲ့ ဂါဘရီရယ်၊ ဘန်ဝှိုက်၊ တီယာနေးနဲ့ လိုကွန်ဂါတို့က ခေါင်းဆောင်မှု အရည်အသွေး ပြည့်ဝသူတွေ ဖြစ်ကြကြောင်း၊ ဂါဘရီရယ် အနေနဲ့ အင်္ဂလိပ်စကားကို ပိုပြီးတတ်မြောက်လာရင် အသင်းကိုဒီထက်ပိုပြီး ကူညီပေးနိုင်မှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။