မန်စီးတီးရဲ့ ဂိုးပြတ်နိုင်ပွဲ၊ ပွဲမရွှေ့လို့ မကျေနပ်တဲ့ တူချယ်၊ ဒီလစ်၊ အူဘာမီးယန်းတို့နဲ့ နံနက်ခင်း သတင်းများ

ချဲလ်ဆီးအသင်းဟာ ညက ဝုဗ်အသင်းနဲ့ ပွဲစဉ်ကို ကိုဗစ် အခြေအနေကြောင့် ပွဲရွေ့ဆိုင်းဖို့ ပရီးမီးယားလိဂ်ထံ တောင်းဆိုခဲ့ပေမယ့် ပရီးမီးယားလိဂ်ဘက်က တောင်းဆိုမှုကို ပယ်ချခဲ့ပြီး ဝုဗ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားရမယ့် ပွဲကို ယှဉ်ပြိုင်စေခဲ့ပါတယ်။ ထိုပွဲစဉ်ဟာ ဂိုးမရှိနဲ့ပဲ သရေကျသွားခဲ့ပါတယ်။

ကလပ်အသင်းတွေ ကိုဗစ်ရိုက်ခတ်မှု ရှိလာလို့ ရုန်းကန်နေရချိန်မှာ မန်စီးတီးကတော့ အမှားအယွင်း မရှိ ခရီးဆက်ဆဲ ဖြစ်ပြီး ညက နယူးကာဆယ်နဲ့ ပွဲမှာလည်း နောက်ထပ် ဂိုးပြတ် နိုင်ပွဲ ယူခဲ့ပြန်ပါတယ်။ စီးတီးက ၄-ဝ နဲ့ အဝေးကွင်း နိုင်ပွဲ ရခဲ့တာပါ။

စပါးနဲ့ လီဗာပူးအသင်းတို့ ပွဲစဉ်က ၂-၂ နဲ့ သရေကျသွားခဲ့ပြီး ထိုပွဲမှာ ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေက မေးခွန်း ထုတ်စရာတွေ ရှိခဲ့ပါတယ်။ လီဗာပူးဘက်က ကိုဗစ်ကြောင့် ကွင်းလယ်နဲ့ ခံစစ်မှာ လူမစုံဘဲ စပါးကို အတော် ထိန်းခဲ့ရပြီး ဂိုးသမား အယ်လစ်ဆန် လက်စွမ်းပြလို့သာ သက်သာခဲ့တာပါ။

ဘွန်ဒက်လီဂါကလပ် ဒေါ့မွန် အားကစားဒါရိုက်တာ မိုက်ကယ်ဇို့က တိုက်စစ်မူှး ဟာလန်းအနေနဲ့ ဒီရာသီကုန်အထိ အသင်း မှာ ဆက်နေမှာဖြစ်ကြောင်း၊ သူတို့အနေနဲ့ ဟာလန်းကို လုံး၀ လက်လွှတ် ဆုံးရှုံးလိုခြင်း မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဖီဖာ ကတော့ ဥရောပ နေးရှင်းလိဂ် ထဲကို တောင်အမေရိက အသင်း ၁၀ သင်း ပါဝင် ကစားမယ့် အစီအစဉ် ကို သဘောမတူဘဲ အဆိုပါ အစီအစဉ် တင်ပြလာပါက ပယ်ချ သွားဖို့ စိတ်ကူး ထားကြောင်း သိရပါတယ်။

အေးဂျင့် ရွိုင်းအိုလာ ကတော့ သူ့ ကစားသမား တစ်ဦး ဖြစ်တဲ့ နယ်သာလန် ခံစစ်မှူး ဒီလစ် ဟာ လာမယ့် နွေရာသီ မှာ လက်ရှိ ကလပ် ဂျူဗင်တပ် ကနေ စွန့်စားခန်းသစ်တွေ ရှာဖွေဖို့ စိတ်ကူး လာနိုင်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

အာဆင်နယ်တိုက်စစ်မူှး အူဘာမီယန်ကို ခေါ်ယူဖို့အတွက် စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်က စိတ်ဝင်စားနေပါတယ်။ ဂျူဗင်တပ်ဟာ လာမဲ့အပြောင်းအရွှေ့တွေမှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းလိုနေတာပါ။ အူဘာမီယန်အနေနဲ့ အာဆင်နယ်ကနေ ချန်လှပ်ခံရပြီးနောက် အနာဂတ် လှုပ်ခတ် နေပါတယ်။

ချဲလ်ဆီး နည်းပြ တူချယ် ကတော့ ပွဲရွှေ့ဆိုင်း ပေးဖို့ တင်ပြချက် ကို ပယ်ချ ခံရမှု အပေါ် စိတ်ပျက်ခဲ့ပြီး ပရီးမီးယားလိဂ် ဟာ ကစားသမားတွေ အတွက် မလုံခြုံတဲ့ နေရာလို့ ခံစားမိ ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဝုဗ် နဲ့ ပွဲမှာ ဒဏ်ရာရရှိ ခဲ့တဲ့ ချာလိုဘတ် နဲ့ ဟာကင် ဇီယက်ချ် တို့ ဟာလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ မဖြစ်ဖို့ မျှော်လင့် ထားကြောင်း တူချယ်က ဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုက အသင်းအနေနဲ့ အဓိကတိုက်စစ်မူှး အမ်ဘာပေကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ အခွင့်အရေး ရှိနေကြောင်း၊ စာချုပ်သက်တမ်း တိုးမြှင့်တဲ့ကိစ္စမှာအမ်ဘာပေ မိသားစုရဲ့ အခန်းကဏ္ဍ ကိုလည်း လေးစားရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။