ညကပွဲမှာ လီဗာပူးကို အနိုင် မကစားနိုင်တာကို မကျေမနပ် ဖြစ်နေတဲ့ စပါးနည်းပြ ကွန်တီ
စပါးအသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ တယောက် အသာနဲ့ မိနစ် ၂၀ ဝန်းကျင် ကစားခွင့် ရခဲ့ပေမယ့် အနိုင်မရခဲ့လို့ စိတ်ပျက်မိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
စပါးအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းက များစွာ ကွာခြားလှခြင်း မရှိပဲ တိုက်စစ်ဖွင့် ကစားခဲ့ကြတာကြောင့် ပွဲက အတော်လေးကို ကြည့်ကောင်းခဲ့ပြီး တိုက်စစ်မှူးတွေရဲ့ ခြေစွမ်းပြမှုတွေ နဲ့အတူ ၂-၂ သရေခဲ့ကာကာ တသင်း ၁မှတ်စီ ခွဲဝေယူခဲ့ကြပါတယ်။

လီဗာပူးအသင်းရဲ့ ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ဟာ ပွဲကစားချိန် ၇၇မိနစ်မှာ စပါးအသင်းရဲ့ ညာနောက်ခံလူ အီမာဆန်ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့တာကြောင့် အနီကတ် ထိခဲ့ပြီး စပါးအသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီကတော့ သူတို့အသင်းဟာ တဖက်အသင်းရဲ့ တယောက်လျော့ အနေအထားကို အသုံးမချနိုင်ခဲ့ဘူးလို့ ပွဲအပြီးမှာ ငြီးတွားသွားခဲ့ပါတယ်။
ကွန်တီက – “ဒီပွဲမှာ ကျွန်တော်တို့ရဲ့ ခြေစွမ်းက အတော်လေးကို ကောင်းခဲ့ပါတယ်။ ကစားသမားတွေ အားလုံးက အရမ်းကို ကြိုးစားကြတယ်။ ပြီးတော့ အသင်းအတွက် ပေးဆပ်မှုတွေလည်း အများကြီး လုပ်ခဲ့ပါသေးတယ်။
ကစားသမားတွေ ၊ အသင်းရဲ့ ဝန်ထမ်းတွေ ၊ ယူ-၂၃ ကစားသမားတွေ အတော်များများ ကိုဗစ်ကူးစက်ခံရပြီးနောက် ၂ပတ်အကြာမှာ ပထမဦးဆုံး အကြိမ် ပြန်ကစားရတဲ့ပွဲမို့လို့ လွယ်ကူတဲ့ ပွဲတပွဲတော့ မဟုတ်ခဲ့ပါဘူး။

ဒါကြောင့် လီဗာပူးအသင်းလို အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းတသင်းနဲ့ သရေကျခဲ့တာက ကောင်းမွန်တဲ့ စွမ်းဆောင်ရည် တခုလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် တဖက်မှာ ကျွန်တော်က လီဗာပူးအသင်းကို အနိုင်မရခဲ့လို့ စိတ်ပျက်မိကြောင်း ကစားသမားတွေကို ပြောဖြစ်ခဲ့ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ဒီနေ့ပွဲမှာ ကျွန်တော်တို့တွေ ပွဲကို အဆုံးသတ်နိုင်တဲ့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပေမယ့် သွင်းဂိုးတွေ မရခဲ့လို့ပါ။ ကျွန်တော်တို့တွေ ပွဲကို အသာစီးရခဲ့တယ်။ တစ်ယောက် အသာနဲ့ ပွဲကို ကစားခဲ့ရသေးပေမယ့် အနိုင်မရခဲ့ဘူး။ စိတ်ပျက်မိတာ မှန်ပေမယ့် ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းနဲ့ စိတ်ဓာတ်ပိုင်း အတွက် ကျေနပ်မိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။