ရလဒ်တွေ ထိခိုက်နေတဲ့ ချယ်ဆီးရဲ့ ပြဿနာက ဘာလဲဆိုတာ ထောက်ပြသွားတဲ့ ဂျိုးကိုလ်း

ချယ်ဆီးရဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ကွင်းလယ်လူဟောင်း ဂျိုးကိုးလ်က ထောက်ပြရာမှာ ကွန်တေနဲ့ ကိုဗာဆစ်တို့ နှစ်ယောက်လုံး မကစားနိုင်နေတာက တူချယ်ရဲ့ ကွင်းလယ်ကို ဟန်ချက်ညီမှု ပျက်ပြားစေတာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ကွန်တေဟာ နိုဝင်ဘာတုန်းက ဂျူဗင်တပ်နဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တာဖြစ်ပြီး ကိုဗာဆစ်က ကိုဗစ် ပေါ့စတစ် ဖြစ်နေခဲ့တာပါ။ ဒါအပြင် ဂျော်ဂျင်ဟိုကလည်း ကြံ့ခိုင်မှု ရာနှုန်းပြည့် မရှိတဲ့ကြားက ကစားရချိန်မှာတော့ ချယ်ဆီးရဲ့ အဓိက ထောက်တိုက်ဟာ အားပျော့လာခဲ့ပြီး အားနည်းချက်တွေ ထွက်ပေါ်လာခဲ့တာလို့ ကိုးလ်က မြင်ပါတယ်။

ဂျိုးကိုးလ်က “ ဒါက သေချာပေါက် တုန်လှုပ်စရာတစ်ခုပဲ။ လမ်းပေါ်က ဆူးခလုတ်တစ်ခုပေါ့။ ဒါပေမယ့် အဲ့ဒါက ချယ်ဆီးကို အခိုက်အတန့် တစ်ခုစာလောက်ပဲ ထိခိုက်စေတာပါ။ သူတို့တွေ ဘာတွေ မှားသွားလဲဆိုတာ ထောက်ပြဖို့က ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကွန်တေ မရှိတဲ့ အချိန်တွေကို လပေါင်းများစွာ သူတို့ ကိုင်တွယ် ဖြေရှင်းခဲ့တယ်။ အခုကျတော့ ကိုဗာဆစ်ပါ မရှိနေဘူး။

ဒီနှစ်ယောက်လုံးက ကွင်းလယ်မှာ အဓိက ထောက်တိုက်တွေပဲ။ လော့ဖ်တပ်ချိခ်က ကောင်းကောင်းလုပ်ခဲ့ပေမယ့် ကွင်းလယ်မှာ ဟန်ချက်ညီမှုက နည်းနည်း ပျက်ယွင်းသွားခဲ့တယ်။ အခုချိန်က တူချယ်အတွက် စမ်းသပ်မှုတစ်ခုပါပဲ ” လို့ ရှင်းပြခဲ့ပါတယ်။

ရာသီစတုန်းက ၂၀၁၆-၁၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သူ့အသင်းဟောင်းက ပရီးမီးယားလိဂ်ဖလား အောင်မြင်လိမ့်မယ်လို့ ထောက်ခံခဲ့တဲ့ ချယ်ဆီးကြယ်ပွင့်ဟောင်း ဂျိုးကိုးလ်က ရာသီဝက်ကာလကို နီးကပ်လာချိန်မှာတော့ တူညီတဲ့ ယုံကြည်မှု မရှိတော့ပါဘူး။

လက်ရှိမှာ ဂွာဒီယိုလာရဲ့ အသင်းဟာ အကောင်းဆုံး စွမ်းဆောင်နေသလို သူအသင်းရဲ့ ဖလားအောင်မြင်မှု အတွေ့အကြုံတွေကြောင့် မန်ချက်စတာကလပ်ဟာ ၅ နှစ်အတွင်း ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်လိမ့်မယ်လို့ ပြောင်းလဲ ခန့်မှန်းသွားခဲ့တာ ဖြစ်ပါတယ်။