မန်ယူနဲ့ သတင်းကြီးပေမယ့် တခြား ပရီးမီးယားလိဂ်ကလပ်ထံ ရောက်တော့မယ့် ထရစ်ပီယာ

အက်သက်လက်တီကိုမက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီက လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်ကာလအတွင်း အသင်းရဲ့ ညာနောက်ခံကစားသမားဖြစ်တဲ့ ကီရန် ထရစ်ပီယာကို နယူးကာဆယ် အသင်းဆီ ရောင်းချသွားဖို့ ရည်ရွယ်နေပါတယ်။

ထရစ်ပီယာကို မန်ချက်စတာ ယူနိုက်တက်ကလည်း စိတ်ဝင်စားနေပေမယ့် ပိုင်ရှင်သစ်ပြောင်းအပြီး ငွေသုံးဖို့ အသင့် ဖြစ်နေတဲ့ နယူးကာဆယ်က အရင် လက်ဦးဖို့ များနေတာပါ။ ဆီမြွန်နီက ထရစ်ပီယာကို ပေါင် ၁၅ သန်းနဲ့ ရောင်းချ လိုနေပြီး အစားထိုးမယ့် ကစားသမား တစ်ဦးသာ ရမယ်ဆိုရင် ဇန်နဝါရီမှာ ထရစ်ပီယာကို ရောင်းလိုနေတာပါ။

အသက်(၃၁)နှစ် အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် နောက်ခံအစွန်လူ ထရစ်ပီယာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသက်လက်တီကိုအသင်းနဲ့ စပိန်လာလီဂါ ချန်ပီယံဆုကို ရယူခဲ့ပြီးနောက်ပိုင်း စပိန်ကနေ အင်္ဂလန်မြေဆီ ပြန်သွားဖို့ နီးစပ်ခဲ့သေးသလို သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပါသေးတယ်။

၂၀၁၉ခုနှစ်ကတည်းက စပါးအသင်းကနေ အသက်လက်တီကိုအသင်းဆီကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ထရစ်ပီယာဟာ စပိန်မြေမှာလည်း သူရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ပြီး အသင်းနဲ့အတူ အမှတ်ပေးချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့တဲ့ ပရိသတ်အကြိုက် ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ထရစ်ပီယာဟာ ဒီနှစ်ဘောလုံးရာသီမှာ ပခုံးဒဏ်ရာကြောင့် အသင်းရဲ့ ပွဲအနည်းငယ်ကို လွဲချော်ထားခဲ့ရုံက လွဲပြီး ပွဲအများစုမှာ ပါဝင်ကစားထားရတာကြောင့် အသင်းပရိသတ်တွေက သူ့လို ကစားသမားမျိုးကို အသင်းမှာသာ ဆက်လက် ရှိနေချင်တာပါ။

အက်သက်လက်တီကိုနည်းပြ ဆီမြွန်နီကတော့ ထရစ်ပီယာရဲ့နေရာမှာ သင့်တော်တဲ့ အစားထိုးမှု ပြုလုပ်နိုင်ခဲ့မယ်ဆိုရင် နောက်ပြီး ထရစ်ပီယာအတွက် ပေါင်(၁၅)သန်းနဲ့ ကမ်းလှမ်းမယ်ဆိုရင် ထရစ်ပီယာကို အသင်းကနေ လက်လွတ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နယူးကာဆယ်ဘက်ကနေလည်း ထရစ်ပီယာဟာ သူတို့ အမှန်တကယ်ကို အလိုရှိနေတဲ့ ကစားသမားဖြစ်နေတဲ့အတွက် အသက်လက်တီကို အလိုရှိနေတဲ့ ပေါင်(၁၅)သန်းနဲ့ သေချာပေါက် ကမ်းလှမ်းလာမှာဖြစ်ပြီး လာမယ့် ဆောင်း ဈေးကွက်အတွင်းမှာပဲ နောက်ထပ် ကစားသမားသစ်တွေကို ဆက်တိုက်ခေါ်ယူဖွယ် ရှိနေပါတယ်။