သတင်းဆိုးတွေကြားမှာ နောက်ထပ် သတင်းဆိုးအသစ် ထပ်ရသွားတဲ့ ချဲလ်ဆီးအသင်း
ချဲလ်ဆီးဟာ ဝုလ်ဗ်ကို အဝေးကွင်းမှာ ဂိုးမရှိ သရေ ရလဒ်နဲ့ အဖိုးတန် တမှတ်ကို ရယူနိုင်ခဲ့ပေမယ့် အခြေအနေပိုဆိုးစေခဲ့တာက ထိုပွဲအတွင်း ဒဏ်ရာရ ကစားသမား ၂ဦး ထပ်တိုးနိုင်ခြေ ရှိနေခြင်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဝုလ်ဗ်နဲ့ ပရီးမီးယားလိဂ်ပွဲ မတိုင်မီ ကိုဗစ် ပေါ့စတစ် အသင်းသား ၃ဦး အထိ ထပ်တိုးခဲ့တာကြောင့် ပွဲကို ရွှေ့ဆိုင်းပေးဖို့ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ထံ တောင်းဆိုခဲ့ပေမယ့် ငြင်းဆန်ပယ်ချခံခဲ့ရပါတယ်။
ဒီအတွက်ကြောင့် ချဲလ်ဆီးဟာ အရန် အပါအဝင် အသင်းသား ၁၇ယောက်သာ ပါဝင်တဲ့ ကစားသမား စာရင်းဖြင့် ပွဲကို ယှဉ်ပြိုင်ခဲ့ရပါတယ်။ လူမစုံတဲ့ အပြင် ပရီးမီးယားလိဂ် အဖွဲ့ချုပ် ဟာ ချဲလ်ဆီး အတွက် အကယ်ဒမီ လူငယ် ကြယ်ပွင့် အနည်းငယ်ကို အရန်စာရင်း အတွက် အစားထိုးခွင့် ပေးဖို့ကိုလည်း ပယ်ချခဲ့ပါသေးတယ်။
ဒီမတိုင်ခင် ချဲလ်ဆီးအသင်းမှာ လူကာကူ ၊ ဗာနာ ၊ အိုဒွိုင်း ၊ ဘန်ချေဝဲလ် ၊ ဂျော်ဂျင်ဟို တို့ကို ကိုဗစ်ကြောင့် လက်လွှတ်ခဲ့ရပြီး လော့ဖ်တပ်စ်ချိခ်နဲ့ ခရစ်တန်ဆန်တို့ကို ကြံ့ခိုင်မှု ပြဿနာတွေကြောင့် အသုံးပြုလို့ မရခဲ့ပါဘူး။ ဂျာမန် ကွင်းလယ်လူ ကိုင်ဟာဗက်ဇ် ဟာလည်း ရောဂါ လက္ခဏာ ပြန်ပြလာလို့ လူစာရင်းမှာ မပါဝင်ခဲ့တာလို့ သိရပါတယ်။
ဝုလ်ဗ်ပွဲ ပွဲအပြီးမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်က ဇီယက်ချ်နဲ့ ချာလိုဘာတို့ အသီးသီး ထိခိုက် ဒဏ်ရာရခဲ့ကြတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါကြောင့်ပဲ ဗုဒ္ဓဟူးနေ့ညမှာ ကစားမယ့် ဘရန်းဖို့ဒ်နဲ့ ကာရာဘောင် ဖလား ကွာတားဖိုင်နယ် ပွဲမတိုင်မီ ချဲလ်ဆီး အသင်းမှာ ပွဲထွက်စာရင်း အတွက် တသင်းစာ သာသာပဲ ကျန်တဲ့ အနေအထားကို ရောက်နေပြီ ဖြစ်ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာတော့ တူချယ်က ဇီယက်ချ် ၊ ချာလိုဘာတို့နဲ့ ပတ်သက်ပြီး ” ကျွန်တော်တို့ဟာ နောက်ထပ် တပွဲလောက် ထပ်စွန့်စားလို့ ရနိုင်ပါသေးတယ် ။ ဒါပေမယ့် အဲဒီအတွက် ကျွန်တော်တို့ တန်ကြေး တခုကိုတော့ ပေးဆပ်ရပါလိမ့်မယ်။
အခုတောင် ကွင်းလယ်လူတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပေးဆပ်နေရပါပြီ။ ထရက်ဗာ ကိုတော့ ဒီအတိုင်း ရိုးရိုး နာကျင်မှုသာ ဖြစ်ဖို့ ကျွန်တော်တို့ဖက်က မျှော်လင့်ထားပါတယ်။ လောလောဆယ်မှာတော့ သူ အရမ်း နာကျင် ခံစားနေရပါတယ်။ အရမ်းကြီး မပြင်းထန်ဖို့ မျှော်မှန်းထားပြီး မနက်ဖြန်မှာ ဆေးစစ်မှုတွေ ထပ်လုပ်သွားမှာပါ။
ဟာကင် အတွက်ကတော့ ဒဏ်ရာက အကြီးကြီး ဟုတ်မယ်လို့ မထင်ပါဘူး။ သူဟာ ပွဲချိန် အတွင်း ကြွက်သားတင်းမာမှု အချို့ ခံစားခဲ့ရတာကြောင့် သူ့ကို လူစားလဲဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ရပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။